မြောက်ကိုရီးယားနိုင်ငံဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) က ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ရေးအရ အရေးယူမယ်လို့ နောက်ဆုံး ခြိမ်းခြောက်မှုတွေဟာ အတိတ်တုန်းက ပြသခဲ့တဲ့ ကျူးကျော် ရန်စခဲ့တာတွေနဲ့ ပိုပြီး တူလာတယ်လို့လည်း မစ္စတာ ခရော်လီက အင်္ဂါနေ့မှာ အခုလို ထည့်ပြီး ပြောဆိုသွားပါတယ်။
တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချခဲ့မယ်ဆိုရင် မြောက်ကိုရီးယား စစ်တပ်ကလည်း ဒါကို တုံ့ပြန်ရမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က ခြိမ်းခြောက် ပြောဆိုခဲ့တဲ့အပေါ် မစ္စတာ ခရော်လီက ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ တာဝန်ခံမှုကို ပြသရမယ့်အစား သူတို့လိုချင်တာကိုပဲ ပြောခဲ့တယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။
အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ စကားပြောရင်း သံအမတ် စင်စမ်ဟိုက မတ်လတုန်းက တပ်သား ၄၆ ယောက် သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုဟာ သူတို့နဲ့ မဆိုင်ဘူးဆိုတဲ့ ငြင်းပယ်ချက်ကို ထပ်ခါတလဲလဲ ပြောဆိုသွားခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြောက်ကိုရီးယားအပေါ် တနည်းနည်းနဲ့ ရန်စတာမျိုးတွေကို မမြင်ချင်ဘူးလို့လည်း မစ္စတာစင်က ပြောခဲ့ပါသေးတယ်။ အဲဒီအပြင် မြောက်ကိုရီးယား အစိုးရအပေါ် ကုလသမဂ္ဂက ဘယ်လို ဆန့်ကျင်မှုမျိုးပဲလုပ်လုပ် ပယ်ချသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။