သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည် ၂၆၀၀၀ ကျော်တိုး


တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ရခိုင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ ပြည်တွင်းဒုက္ခသည်အသစ် ၂ သောင်း ၆ ထောင်ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ မောင်တော၊ မင်းဗြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တွေမှာ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ဒေသခံဒုက္ခသည် ၂၆,၁၇၅ ယောက် တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်ထဲ မြို့နယ်တွေနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာ အရင်ကတည်းကရှိနေတဲ့ ပြည်တွင်းဒုက္ခသည်တွေနဲ့ပေါင်းရင် စုစု‌ပေါင်း ၉ သောင်းလောက် ရှိနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါက်တောနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာကိုလည်း ထောက်ပြထားပါတယ်။ ပေါက်တောမြို့နယ်ကို AA တပ်တွေက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ယာယီသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်း၊ ရေကြောင်းတွေနဲ့ တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

စစ်တပ်နဲ့ AA တပ်တွေကြား ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေ မရှိပေမဲ့ ကျောက်တော်၊ မင်းဗြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက AA ထိမ်းချုပ်နေရာတွေအပေါ် စစ်တပ်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကိုလည်း ကုလသမဂ္ဂ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရသေ့တောင်နဲ့ မောင်တောဘက်မှာ နယ်ခြားစောင့်တပ်တွေရဲ့ ကင်းစခန်းတွေကို AA က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG