ဒီကနေ့ ရခိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာတဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်အကူအညီ လိုအပ်လာရင် ပေးအပ်နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။
ရခိုင်ကမ်းလွန်ကို ဖြတ်ကျော်လာတဲ့အခါ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၂၁၀ အထိ အင်အားပြင်းထန်တဲ့ မုန်တိုင်းအန္တရာယ်ကို ဒေသခံ လူမှုအသိုင်းအဝိုင်းတွေ ရင်ဆိုင်ဖို့ပြင်ဆင်ထားတယ်လို့လည်း ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Ramanathan Balakrishnan က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုထားတာပါ။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသမှာ လေပြင်းတိုက်ခိုက်နိုင်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ မိုးကြီးပြီး၊ ရေကြီး၊ မြေပြိုမှုတွေ ကြုံရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ စာနာမှု အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ ဒေသမှာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် နောက်ထပ်အကျပ်အတည်း ဆိုက်နိုင်တယ်လို့လည်း ဌာနေကိုယ်စားလှယ် Balakrishnan ကသတိပေးထားတာပါ။
မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်း မတိုင်မီကတည်းက လူပေါင်း ၆ သန်းလောက်ဟာ စာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရပြီး အမိုးအကာမရှိဘဲ နေထိုင်နေကြရသူတွေ အများအပြား အပါအဝင် ပြည်တွင်းဒုက္ခသည် ခန့်မှန်းခြေ ၁ သန်း ၂ သိန်းလောက် ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။