သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကုလလူ့အခွင့်အရေးကော်မတီဝင် အရွေးခံရ


ဖိလစ်ပိုင်နိုင်ငံမှာ လူအသေအပျောက်များတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေရှိနေတာကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေရှိနေပေမဲ့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဖိလစ်ပိုင် နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။ အခုလိုရွေးချယ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာ နိုင်ပါ့မလား။ ဒီအကြောင်း Ralph Jennings ရဲ့ သတင်းကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မူးယစ်ဆေးဝါးလောကနဲ့ ပတ်သက်ဆက်နွယ်သူပေါင်း တသောင်းနှစ်ထောင်လောက်ကို တရားရုံးတင် စစ်ဆေးမှုတွေမရှိပဲသတ်ဖြတ်ခဲ့မှုတွေကြောင့်ဖိလစ်ပိုင်သမ္မတRodrigo Duterteနဲ့သူ့အစိုးရအဖွဲ့ဟာ လူ့အခွင့်အရေးလောကသားတွေရဲ့ အပြစ်တင်ရှုတ်ချမှုတွေအကြီးအကျယ်ခံနေရတာပါ။ တဘက်မှာကလည်း ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးပြဿနာကိုထိထိ ရောက်ရောက်ဖြေရှင်းတယ်လို့ သဘောထား သူတွေလည်း ရှိနေတာပါ။ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ရပ်တွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဖြစ်ပြီး ဖိလစ်ပိုင်ပြည်သူတွေကို အကာအကွယ်ပေးဖို့ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Peter Cayetano ကကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့လတုန်းကပဲ ပြောခဲ့ပါတယ်။

“ဖိလစ်ပိုင်နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီး ရွေးချယ်ခံသမ္မတက ဦးဆောင်နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံကို မူးယစ်ဆေးဝါးထွန်းကားတဲ့နိုင်ငံတခုအဖြစ် ရောက်မသွားအောင် ကျနော်တို့ရဲ့ကြိုးပမ်းမှုတွေ က ထိရောက်မှုရှိပါတယ်။ ဆင်းရဲသား အင်အားမဲ့သူတွေရဲ့အခြေအနေတွေကို မျက်ကွယ်ပြုထားပြီး ဓနဥစ္စာချမ်းသာအား ကောင်းကြသူတွေရဲ့ ကြီးစိုးချယ်လှယ်မှုတွေရဲ့လက်ကနေ တိုင်းပြည်ကို ကျနော်တို့ပြန်ပြီးကယ်တင်နေကြတာပါ။”

Rodrigo Duterte ဟာ၂၀၁၆ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တာပါ။ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်နေတာကြောင့် ဖိလစ်ပိုင်ရဲ့အခြေအနေကို စိုးရိမ်ပူပန်တယ်လို့ပြောဆိုကြတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တွေကိုလည်း သမ္မတ ဒူတာတေးက ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုတွေလည်းလုပ်ခဲ့တာပါ။ မူးယစ်ဆေးဝါးနှိမ်နင်းမှုနဲ့ပတ်သက်ပြီး သမ္မတဒူ တာတေးနဲ့တခြားအရာရှိတွေက လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပစ်မှုတွေရှိတယ်လို့စွပ်စွဲမှုတွေရှိလာခဲ့ပြီး ဒီအခြေအနေတွေကို ICC နိုင်ငံတကာပစ်မှုခုံရုံးကနေ စုံစမ်းစစ်ဆေးဖို့အထိဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း ICC အဖွဲ့ဝင်အဖြစ်ကနေ ဖိလစ် ပိုင်က နှုတ်ထွက်တယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ဖိလစ်ပိုင်အစိုးရကပြောခဲ့ပါတယ်။ မူးယစ်နှိမ်နင်းမှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်အစိုးရဲ့ လူ့အခွင့်အရေးကော်မစ်ရှင်ကိုတော့ သမ္မတဒူတာတေးကခွင့်ပြုခဲ့ပါတယ်။ သူ့အစိုးရအဖွဲ့၂နှစ်အကြာမှာ ကု လသမဂ္ဂရဲ့လူ့အခွင့်အရေးကောင်စီမှာ ဖိလစ်ပိုင်နိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါ။

ဖိလစ်ပိုင် Diliman တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Ela Atienza ကတော့ ဖိလစ်ပိုင်အစိုးမှာ ကွဲပြားတဲ့သဘောထား တွေရှိနေတယ်လို့ဆိုပါတယ်။

“လူ့အခွင့်အရေးတွေကိုဆွေးနွေးကြမယ့် ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကော်မရှင်မှာလည်းဖိလစ်ပိုင်က ပါဦးမယ်ဆိုတာက တော်တော် ထူးဆန်းတဲ့ကိစ္စပါ။ ဖိလစ်ပိုင်အစိုးရထဲမှာ မတူညီတဲ့သဘောထားတွေ ရှိတယ်ဆိုတာလည်းမြင်နေရပါတယ်။”

တရုတ်နဲ့ဂျပန်အပါအဝင်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရှစ်နိုင်ငံနဲ့အတူ အခုဖိလစ်ပိုင်ကကောင်စီ ထဲမှာပါလာပါပြီ။ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ အမျိုးသမီးအခွင့်အရေးနဲ့ လူနည်းစုတွေရဲ့အခွင့်အရေးတွေ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဒီကောင်စီက စစ်ဆေးရမှာဖြစ် ပါတယ်။ ကောင်စီရဲ့အဖွဲ့ဝင်သက်တမ်းက သုံးနှစ်ကြာမှာပါ။

ကုလသမဂ္ဂအရာရှိတွေကိုလည်း အမနာပပြောဆိုခဲ့တယ်၊ ICC နိုင်ငံတကာပစ်မှုခုံရုံးရဲ့ စုံစမ်းမှုတွေကိုလည်း မလိုလားဘူး ဆိုပေမဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တာဝန်ယူဖို့ကိုတော့လျှောက်ထားတယ်ဆိုတော့ သမ္မတဒူတာတေးအစိုးရ ရဲ့လုပ်ရပ်တွေက အမြီးအမောက်မတည့်ဘူးဖြစ်နေတယ်လို့ဝေဖန်သူကတော့ ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာအခြေစိုက် လက်ဝဲလူမှုရေးမဟာမိတ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး Renato Reyes ပါ။

“ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူဟာ အတိုက်အခိုက်ခံနေရပါတယ်။ ဖိလစ်ပိုင်က လူ့အခွင့် အရေးရဲ့ကော်မရှင်ဖြစ်မယ်ဆိုပေမဲ့ ကျနော်တို့လို လူ့အခွင့်အရေးလှုပ်ရှားမှုကို ထောက်ခံကူညီ ပေးနေသူတွေကတော့ ဒီမှာ သွားပုပ်လေလွင့်အပြောခံနေရတာပါ။ ကျနော်တို့ကို တိုင်းပြည်ရဲ့ရန်သူလို၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်ဖန်တီး သူတွေလိုသဘောထားနေတာပါ။”

အောက်တိုဘာလ၁၂ရက်နေ့ကပဲ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ရွေးချယ်ခံရတဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲခွဲဆုံး ဖြတ်မှုအရ ၁၉၂မဲမှာ ၁၆၅မဲက ဖိလစ်ပိုင်ကို ထောက်ခံမဲပေးခဲ့ကြတာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ ရုံးမှာ ၂၀၁၉ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ဖိလစ်ပိုင်က ပါဝင်မှာပါ။ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်၄၇နိုင်ငံရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG