သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အလားအလာကောင်း


ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres
ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres

မကြာခင်ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့နေရာကို ဆက်ခံဖို့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် လောင်း (၉) ဦးအနက် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres က မဲအများဆုံးနဲ့ အသာရနေပါတယ်။ တနင်္လာနေ့က UN လုံခြုံရေး ကောင်စီရဲ့ ငါးကြိမ်မြောက် တရားဝင်မဟုတ်တဲ့ လျှို့ဝှက်ဆန္ဒမဲပေးမှုမှာ Guterres က ငါးကြိမ်လုံးဆက်တိုက် နံပါတ် ၁ နေရာမှာပဲ ရှိနေခဲ့တာပါ။ အတွင်းရေးမှူးချုပ်အသစ် ရွေးချယ်နေကြတဲ့ လက်ရှိအခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် Margaret Besheer ရဲ့ သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါမယ်။

ကုလလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး ရွေးချယ်ခံကိုယ်စားလှယ်လောင်းတဦးဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ဖို့ အနည်းဆုံး ထောက်ခံမဲ (၉) မဲကို ရရှိရမှာ ဖြစ်ပါတယ်။ အခု ယှဉ်ပြိုင်ကြသူ ကိုယ်စားလှယ်လောင်းတွေအနက် ထောက်ခံမဲ (၉) မဲ ရရှိသူဟာ ပေါ်တူဂီဝန်ကြီးချုပ်လည်းဖြစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ်လည်း ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဆယ်နှစ် တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ Guterres တဦးတည်းသာရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တဦးဟာ ဘယ်လို အရည်အချင်းတွေ နဲ့ ပြည့်စုံရမလဲဆိုတာကို ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌဟောင်း Mogens Lykketoft က အခုလို ပြောပါတယ်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တယောက်ဖြစ်ဖို့ ကျနော်တို့ လိုအပ်တဲ့အရည်အချင်းကတော့ - အဲဒီ ပုဂ္ဂိုလ်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာရော အထွေထွေညီလာခံကြီးမှာပါ အသင့်တော်ဆုံးအချိန်မှာ အကောင်းဆုံးအဆိုပြုချက်တွေနဲ့ လုံခြုံရေးကိစ္စတွေကို ထိန်းချုပ်ဖို့၊ ပဋိပက္ခတွေကို ဟန့်တားနိုင်ဖို့၊ လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ အချိန်ကိုက်ပြီး လုပ်နိုင်တဲ့အာဏာရှိသူမျိုး ဖြစ်ရပါမယ်။

တချိန်တည်းမှာပဲ ရေရှည်ခံမယ့်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့၊ ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းချုပ်နိုင်မယ့် အချက်အလက်တွေကို ဖိအားပေးလုပ်ဆောင်နိုင်မယ့်သူမျိုး ဖြစ်ရပါမယ်။ ဒါ့အပြင် အဲဒီ ပုဂ္ဂိုလ်အနေနဲ ကမ္ဘာတဝန်းကလူတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရော၊ နိုင်ငံငယ်လေးတွေရဲ့ ခေါင်းဆောင်တွေအပေါ်မှာပါ လုံခြုံရေးကောင်စီကတဆင့် အချိန်မီ အရေးယူဆောင်ရွက်နိုင်တဲ့သူမျိုးလည်း ဖြစ်ရပါမယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအနေနဲ့လည်း ဒီစနစ်ကနေ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပြီး ခန့်အပ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာ စိတ်ဓာတ်ခိုင်မာပြီး သံန္နိဌာန်ခိုင်မာသူ၊ သီးခြားရပ်တည်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကပါ လက်ခံနိုင်ကြမှာဖြစ်ပါတယ်။”

မစ္စတာ Guterres ဟာ ထောက်ခံမဲ ၁၂ မဲ ရရှိပြီး ကန့်ကွက်မဲနှစ်မဲနဲ့ မဲမပေးဘဲနေတာက တနိုင်ငံဖြစ်ပါတယ်။ကန့်ကွက်မဲနှစ်မဲအနက်မှာ တမဲက နယူးဇီလန်ကဖြစ်လိမ့်မယ်လို့ သံတမန်အများစုက ယူဆကြပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark ကလည်း အခု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပေမယ့် လောလောဆယ်မှာတော့ သူ့ရဲ့ မဲရမှတ်တွေက အားရစရာမရှိပါဘူး။

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်တဦး ဦးက မစ္စတာ ဂူတားရက်စ်ကို ကန့်ကွက်မလားဆိုတာက လူအများက သိလိုကြတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ဥရောပအရှေ့ပိုင်းက ကိုယ်စားလှယ်တဦးဦးကို အနိုင်ရစေလိုနေတာကြောင့် ဥရောပအနောက်ပိုင်းသားဖြစ်တဲ့ မစ္စတာ ဂူတားရက်စ်ကို ကန့်ကွက်နိုင်တယ် ဆိုတဲ့ ခန့်မှန်းတွက်ဆမှုတွေလည်း ရှိနေပါတယ်။

အခု ယှဉ်ပြိုင်မှုမှာ ဥရောပအရှေ့ပိုင်းက ကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်ပြီး ဥရောပအရှေ့ပိုင်းက အတွင်းတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတာ မရှိသေးတဲ့အတွက် လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်တာဝန်ထမ်းဆောင်ရမယ့် အတွင်းရေးမှူးချုပ် အသစ်နေရာကို ဥရောပအရှေ့ပိုင်းက ကိုယ်စားလှယ်တဦးဦးရရှိဖို့ မျှော်လင့်ကြောင်း ပြောနေကြတာပါ။

ဥရောပအရှေ့ပိုင်းက ကိုယ်စားလှယ်လောင်းတွေအနက် ဆာဘီးယားနိုင်ငံခြားရေးဝန်ကြီး Vuk Jeremic က ဒုတိယနေရာမှာရပြီး တတိယ အဖြစ် ဆလိုဗက်ကီးယား နိုင်ငံခြားရေး ဝန်ကြီး Miroslav Lajcek တို့ကို ရွေးချယ်ခြင်းအားဖြင့် သူတို့ဒေသတွင်းမှာ တညီတညွတ်တည်း ရှိကြကြောင်း အဲဒီပုဂ္ဂိုလ်နှစ်ဦးအနက် ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီး Lajcek က ပြီးခဲ့တဲ့ အကျော့မှာ တတိယ ကနေ အခုပဉ္စမအကြော့မှာ ဒုတိယနေရာကို ရောက်သွားခဲ့ပါတယ်။

အောက်တိုဘာလ (၅) ရက်နေ့ကျရင် ထပ်မံကျင်းပမယ့် အလွတ်သဘော ဆန္ဒခံယူတဲ့အခါမှာတော့ ဘယ်သူ အနိုင်ရမလဲဆိုတာကို သေချာလုနီးပါး ဖြစ်လာမှာပါ။ အဲဒီ ဆန္ဒမဲပေးချိန်အတွင်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် တို့လည်း ပါဝင်မဲပေးကြမှာဖြစ်ပြီး သူတို့ရဲ့ကန့်ကွက်မဲက ကိုယ်စားလှယ်လောင်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေနိုင်တဲ့ ဗီတိုအာဏာနဲ့တူညီစေမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့သက်တမ်းဟာ နှစ်ပေါင်း (၇၀) ရှိခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (၈) ဦး တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကဦးသန့်ကတော့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် (၁၉၆၁) ကနေ (၁၉၇၁ ) အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုနှစ်ရဲ့ ထူးခြားချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်ဟာ လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရာထူးလွဲှပြောင်းလက်ခံရမှာ ဖြစ်တာကြောင့် အမေရိကန်သမ္မတ တာဝန်လွဲှပြောင်းယူရမယ့်အချိန်နဲ့ တနှစ်တည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG