သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုရေးအကဲစမ်းမှု မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကုလ လေ့လာ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုလိုက်ပါတယ်။ လူထုကို ဗဟိုပြုတဲ့ မူဝါဒတွေချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရေးကို အားပေးနေတဲ့အကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးလ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အန်တိုနီယို မာခေစ် ပေါ်တို အီး ဆန်းတို့စ် (Antonio Marques Porto e Santos) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် ပွင့်လင်းမြင်သာမှုအရ ပူးပေါင်ညှိနှိုင်းရေး၊ မိုးမကျမှီ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အချိန်မှီ ခိုလှုံစရာ ရရှိရေးအတွက် အစိုးရနဲ့ အပူတပြင်း ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

နိုင်ငံတကာ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ဖြစ်ထွန်းမှု အနေအထားနဲ့ လူနေမှု အဆင့်အတန်း တိုးတက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂ ရန်ပုံငွေနဲ့ အစီအစဉ်များဆိုင်ရာ ပူးတွဲ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီး ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးလ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အန်တိုနီယို မာခေစ် ပေါ်တို အီး ဆန်းတို့စ် (Antonio Marques Porto e Santos) က မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေအပေါ် အခုလို မှတ်ချက်ချပါတယ်။

လူမှုရေးနယ်ပယ်အပါအဝင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်း
စေတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ ကြိုဆိုပါတယ်။ လူထုကို ဗဟိုပြုတဲ့မူဝါဒတွေနဲ့ အစီအစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုကတဆင့် ဖွံ့ဖြိုးမှု အညွှန်းကိန်း တိုးတက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို မီးမောင်း ထိုးပြနိုင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်တွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ကျား-မ တန်းတူညီမျှရေး စတဲ့ စီမံချက် တွေကတဆင့် ဖွံ့ဖြိုးရေးနဲ့ လူလူချင်း စာနာမှုဆိုင်ရာ စိန်ခေါ်အကဲစမ်းမှုတွေကို အစိုးရနဲ့ ပူးပေါင်းပြီး ဘယ်လို အာရုံစိုက် လုပ်ဆောင်သွားနိုင်မလဲဆိုတာကို လေ့လာနေတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ လူမှုစီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာ မှာ အဂတိလိုက်စားမှုတွေ ကင်းဝေးရေးအတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးတဲ့ အကြောင်းကို အခုလို ထောက်ပြသွားပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ အချက် ၂ ချက် ရှိပါတယ်တဲ့။ ပထမတချက်က ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြတယ်ဆိုတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုက အဓိက အချက်အခြာကျပါတယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

အာဂျင်တီးနား၊ သြစတြီးယား၊ ဘရာဇီး အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ၂၁ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ရေစကြို၊ ညောင်ဦး၊ ပခုက္ကူ၊ ကလော၊ တောင်ကြီး၊
ညောင်ရွှေ၊ ဆီဆိုင် စတဲ့မြို့တွေကိုသွားရောက်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို အကဲခတ်လေ့လာခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အေဂျင်စီ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ အာရွှတ် နီဂန် (Ashok Nigam) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“စိန်ခေါ်အကဲစမ်းမှုတွေကတော့ သဘာ၀ ဘေးအန္တရာယ်ကော၊ လူတွေက ဖန်တီးတာတွေ ပါ ရှိနိုင်ပါတယ်။ ရာသီဥတုအခြေအနေက စိုးရိမ်ရပါတယ်။ မေလ နဲ့ ဇွန်လမှာ မုတ်သုန်မိုးကြီး ရွာနိုင်ပါတယ်။ ဒါက တကယ့် ပြဿနာပါ။ ကျနော်တို့က အစိုးရနဲ့ ပူးပေါင်းပြီး တက်သုတ်ရိုက် ကူညီကြရမှာပါ။ လိုအပ်တာတွေ ပံ့ပိုးဖို့လည်း အသင့်ရှိပါ တယ်။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဆွေတွေကလည်း ပံ့ပိုးပေးကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ပြန်လည် သင့်မြတ်ကြဖို့ အရေး ဆောင်ရွက်ဖို့ကလည်း စိန်ခေါ် အကဲစမ်းမှုကြီးတရပ် ဖြစ်နေပါတယ်။”

ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံကို ပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေထဲမှာ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူရေးလည်း ပါဝင်ပါတယ်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂကနေ ဒေါ်လာ သန်း ၂၀ ကူညီ ပံ့ပိုးသွားဖို့ ရှိတယ်လို့လည်း ပြောဆိုပါတယ်။

“ကျနော်တို့ သိပ်အရေးကြီးတဲ့ အချက် ၂ ချက်ကို ပံ့ပိုးပေးသွားမှာပါ။ ပထမအချက်က မှန်မှန်ကန်ကန် မျှမျှတတနဲ့ လွတ်လပ်စွာ စာရင်းတွေ ကောက်နိုင်ပြီး ယုံကြည်ကိုးစား ရမယ့် လူဦးရေ စာရင်းပြုစုနိုင်အောင် ကူညီမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရန်ပုံငွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ စွမ်းရည်မြင့်မားရေး မြန်မာအစိုးရကို ကူညီမှာဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခဲ့ရာမှာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျုင်သူတွေကနေ နည်းပညာ အကူအညီတွေ ပေးသွား မှာဖြစ်ပါတယ်။”

ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ UNDP ၊ UNFBA ၊ UNOPS ၊ UNICEF၊ WFP နဲ့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့တွေလည်း ပါဝင်ပြီးတော့ နေပြည်တော်ဒုသမ္မတ ဦးဉာဏ်ထွန်း၊ လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့အတူ တာဝန်ရှိသူတွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG