သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအဖွဲ့ ရခိုင်ကွင်းဆင်းပထမအကျော့ အဆုံးသတ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေဟာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ် ပေမယ့် လည်း တချို့ လူမှုအသိုင်းအဝိုင်းတွေ ကြားမှာတော့ အပြုသဘောဆောင်တာတွေ ရှိလာနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ဒုက္ခသည် အေဂျင်စီတွေက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့် အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထား ပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) တို့ရဲ့ ပထမဆုံးအကဲဖြတ် အစီရင်ခံစာတစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျေးရွာ ၂၃ ရွာနဲ့ ကျေးရွာအုပ်စု ၃ ခုက အခြေအနေတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း မှာ သွားရောက်လေ့လာသုံးသပ်ပြီး ဒီအကဲဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက တည်ငြိမ် နေပေမယ့်လည်း ဒေသတွင်း လူမှုအသိုင်းအဝိုင်းတွေကြား စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ Aoife McDonnell က ပြောပါတယ်။

“အဲဒီမှာတွေ့ခဲ့ကြတဲ့သူအတော်များများကတော့ ဒီပြဿနာကြောင့် ဒေသတွင်း စီးပွားရေးအပေါ် ဂယက်ရိုက်ခတ် မှု ရှိတာတွေ၊ အလုပ်လုပ်ကိုင်ဖို့ ခက်ခဲတာတွေ၊ ရိက္ခာအခက်အခဲဖြစ်တာတွေကို ပြောကြပါတယ်။ ဒါ့အပြင် တဘက်နဲ့ တဘက် ကြားမှာ စိုးရိမ်မှု နဲ့ မယုံကြည်မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမရတာတွေ၊ ပညာ သင်ကြားခွင့်ကန့်သတ်ခံရတာတွေ နဲ့ အထူးသဖြင့် မွတ်စလင်လူမှုအသိုင်းအဝိုင်းကြားမှာ လွတ်လပ်စွာ လှုပ်ရှားခွင့် မရှိတာတွေဖြစ်လာနေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့လိုပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြသလို ၊ ဒေသတွင်းမှာ ဆက်ပြီး ရှိနေတဲ့ ၂ ဘက် လူမှုအသိုင်းအဝိုင်းကြားမှာလည်း တဘက်နဲတဘက် စိုးရိမ်ထိတ် လန့်မှုတွေနဲ့ မယုံကြည်မှုတွေ ဖြစ်ပေါ်စေခဲ့ တာပါ။ ဒါပေမဲ့လည်း အဲဒီမှာရှိတဲ့ တချိုလူမှု အသိုင်း အဝိုင်းတွေကတော့ ရခိုင် ပြည်နယ်တွင်းမှာ ငြိမ်းချမ်းမှုရှိဖို့ မျှော်လင့်နေကြပြီးတော့ တဘက်နဲ့ တဘက်ကြားမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ရှိလာနေတာကို တွေ့ရတယ်လို့ Aoife McDonnell က ပြောပါတယ်။

“တချို့လူမှုအသိုင်းအဝိုင်းတွေကြား အထူးသဖြင့် နီးနီးကပ်ကပ်ရှိနေကြတဲ့ ရွာတွေကြားမှာ တဘက် နဲ့ တဘက် စတင်ပြီးတော့ အပြန်အလှန်ပြောဆိုတာတွေကို တွေ့လာနေရပြီး အဲဒီအတွက်လည်း ကျမတို့ အားတက်မိ ပါတယ်။ ပြီးတော့ ကျမတို့ သွားခဲ့ကြတဲ့ ရခိုင်၊ ရိုဟင်ဂျာ နဲ့ တခြားလူနည်းစုတွေ နေထိုင်တဲ့ ရွာတွေကလည်း ကျမတို့ ကုလသမဂ္ဂအဖွဲ့တွေကို ကြိုဆိုခဲ့ကြပြီး၊ သူတို့ရဲ့ ပြဿနာတွေကို တင်ပြ ဆွေးနွေးခဲ့ကြပြီး မလို မုန်းတီးမှုတွေ အရိပ်အယောင်တွေကိုလည်း မတွေ့ခဲ့ရပါဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာ လူမှုအသိုင်းအဝိုင်းကြား တဘက်နဲ့တဘက် ပြေလည်မှုရှိစေဖို့အတွက် လုပ်ဆောင်ရမှာ တွေနဲ့ ပတ်သက်ပြီး သူက အခုလိုဆက် ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေပေါင်းစည်းနိုင်ဖို့အတွက် အဓိကအခြေခံ လိုအပ်ချက် ကတော့ တဘက်နဲ့တဘက်ယုံကြည်မှုတည်ဆောက်ပြီး အောက်ခြေမှာ အခြေအနေ တွေ တိုးတက်အောင် လုပ်သွားဖို့ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါ့အပြင် ဒီဒေသက ပြဿနာတွေရဲ့ အခြေခံအကြောင်းအရင်းတွေဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် နဲ့ လွတ်လပ်စွာသွားလာခွင့်ကိစ္စတွေကိုလည်း ဖြေရှင်းသွားဖို့လိုပါတယ်။”

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ ဒီအကဲဖြတ်အစီရင်ခံစာဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နှစ်သြဂုတ် လက ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ပထမဆုံးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အကဲဖြတ်အစီရင်ခံစာရဲ့ ဒုတိယ အဆင့်ကိုတော့ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ် တွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ နဲ့ ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တွေက စတင် လိုက်ပြီဖြစ်တယ်လို့ လည်းပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေး စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ဒေသတွင်း မှာ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ရာကနေ ဒေသတွင်းက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှၤ နဲ့ အိန္ဒိယနိုင်ငံတွေကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စတင် လုပ်ဆောင်နေပေမယ့်လည်း ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတော့ တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG