သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန် နိုင်ကျဉ်းအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နိုင်ငံရေးအကျဉ်သား ၈၃ ဦး ထပ်ပြီး လွတ်မြောက်လာတာကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး သေချာအောင် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မနေ့က ဂျနီဗာကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဟာ ဧပြီလ ၁ ရက်နေ့မှာ အာဏာယူပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ရက်ပိုင်းအတွင်း စတင် ဆောင်ရွက်ခဲ့ပါတယ်။ မတရား ဖမ်းဆီးထားသူတွေ လွတ်မြောက်လာရေး ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း ဧပြီလ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်အပြီး နောက်တရက် ဧပြီလ ၈ ရက်နေ့မှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ နောက် ၁၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်တိုက် လွှတ်ပေးခဲ့ပါတယ်။

ဒီလိုဆောင်ရွက်မှုကို ကုလသမဂ္ဂက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း မနေ့ အင်္ဂါနေ့က ဂျနီဗာ ကုလသမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောသွားပါတယ်။

“မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံရေးအကျဉ်သား ၈၃ ဦး ထပ်ပြီး လွတ်မြောက်လာတာကို ကုလသမဂ္ဂက နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ လူ့အခွင့်အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်အရေး လှုပ်ရှားနေသူလည်း ဖြစ်တဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအတွက် ၆ ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ နော်အုန်းလှ၊ လူ့အခွင့်အရေး ကာကွယ်ရေး လှှုပ်ရှားသူ ကိုနေမျိုးဇင်၊ လူမှုအဖွဲ့အစည်းအရေး တိုက်ပွဲဝင်နေသူ ကိုထင်ကျော်၊ ၂၀၁၄ ခုနှစ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သတင်းသမား ၅ ဦး၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို ထောက်ခံကူညီခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ၄ ဦး၊ နောက် မဘသ ဘုန်းကြီးတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ဦးထင်လင်းဦး တို့ ပါဝင်ကြပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ မရှိစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းပြောဆိုချက်ကိုလည်း ကုလသမဂ္ဂက ချီးကျူးကြောင်း Ms. Shamdasani က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့လို့ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံရပြီး စွပ်စွဲချက်ပေါင်းများစွာနဲ့ အမှုတွေကို တရားရုံးမှာ တနှစ်ကျော်ကြာအောင် စစ်ဆေးခံခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း သူတို့ရဲ့အမှုတွေကို ရုပ်သိမ်းပေးလိုက်ပြီး ပြန်လွှတ်ပေးလိုက်တာ အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉၉ ဦးဟာ ဧပြီလ ၈ ရက်နေ့က ပထမဆုံးအကြိမ် လွတ်မြောက်ခဲ့ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ အဆက်မပြတ် လွတ်မြောက်လာမှုနဲ့ အကာအကွယ်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကြိုးစားမှုဟာ မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်ဖို့ အရေးပါတဲ့ အဆင့်တွေဖြစ်တယ်လို့ Ms. Shamdasani က ပြောပါတယ်။

“မြန်မာပြည်သူတွေအားလုံး သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့် အပြည့်အဝရရှိဖို့ အခုလို လူ့အခွင့်အရေး ရရှိမှုတွေကို တည်ဆောက်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက အားပေးပါတယ်။ ဒီဖြစ်စဉ်အရ နယ်စွန်နယ်ဖျား ဒေသတွေ အပါအဝင် အကျဉ်းထောင်တွေထဲမှာ ဆက်ပြီးရှိနေတဲ့ မတရား ဖမ်းဆီးခံထားရသူတွေ အားလုံး အမြန်ဆုံးလွှတ်ပေးရေး သေချာအောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်။”

တဆက်တည်းပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးအနေနဲ့ NLD အစိုးရရော လွှတ်တော်ကပါ ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့လည်း Ravina Shamdasani က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အရင် အစိုးရလက်ထက်တွေတုန်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ထောင်ချဖို့ အသုံးပြုခဲ့တဲ့ လက်ရှိ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးပမ်းချက်တွေကို ကူညီဖို့အတွက် ဥပဒေကျွမ်းကျင်သူတွေကို စေလွှတ်ဖို့ ကျမတိုရုံးက အဆင့်သင့် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မြှင့်တင်ရေးနဲ့ ကာကွယ်ရေးအတွက် နောက်ထပ် တိုးတက်မှုတွေကို ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်း ဖြစ်ပါတယ်။”

လက်ရှိ လွတ်မြောက်ဖို့ ကျန်နေသူတွေထဲမှာ အရေးပေါ်အက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခွင့် လှုပ်ရှားနေသူတွေဖြစ်တဲ့ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ်တို့ ၂ ဦး အပါအဝင် အလားတူပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ လူသိများတဲ့ ဦးဂမ္ဘီရ ခေါ် ညီညီလွင် တို့ ပါဝင်နေတယ်လို့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG