သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြဿနာ လုံခြုံရေးကောင်စီကို ကုလမဟာမင်းကြီးအပြစ်တင်


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ကမ္ဘာအဝှမ်းဒုက္ခသည်ဦးရေ တိုးများလာတာကို ဟန့်တားဖို့ဆိုရင် ကမ္ဘာကြီးအနေနဲ့ ပြဿနာရှိနေတဲ့ နေရာပေါင်းစုံမှာ ငြိမ်းချမ်းရေးဆောင်ကြဥ်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့ ဇွန် ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
“ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် အဓိကနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဟာ ပျက်ယွင်းနေပါတယ်။ ဘာကိုမှသဘောတူ လုပ်နိုင်တာမျိုးမရှိပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးကို ဦးစီးဦးဆောင်လုပ်ပေးနိုင်မယ့် အနေအထားပြန်ရအောင် လုပ်ဖို့လိုပါတယ်။ ဒါဟာ ဒုက္ခသည်များ တိုးများလာတာကို ဖြေရှင်းနိုင်ဖို့ တခုတည်းသော နည်းလမ်းပါပဲ။”
ကမ္ဘာတဝှမ်းမှာတော့ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒုက္ခသည် သန်း ၁၁၀ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ထားပြီး၊ မနှစ်တုန်းကတော့ ၁၀၃ သန်းရှိခဲ့တာပါ။ IDP လို့ခေါ်တဲ့ ပြည်တွင်းပုန်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အပါအဝင် ဒုက္ခသည်အရည်အတွက် အခုလို တိုးလာတဲ့အကြောင်းရင်းတွေထဲ တခုကတော့ ဆူဒန်နိုင်ငံတွင်း ပဋိပက္ခကြောင့်ပါ။ ဆူဒန်ရဲ့ ပြိုင်ဖက် လက်နက်ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန်စစ်ပွဲတွေကြောင့် ဖြစ်လာတပါ။ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့မှာပဲ ဆူဒန်ဒုက္ခသည်အရည်အတွက်ဟာ ငါးသိန်းကျော်သွားပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
ဒုက္ခသည်တွေကိုအများဆုံးလက်ခံထားရတဲ့နိုင်ငံ ၁၀နိုင်ငံစာရင်းမှာတော့၊ မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလည်းပါဝင်ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အခြားနိုင်ငံတွေကလည်း မျှဝေယူကြဖို့ ကုလတာဝန်ရှိသူတွေ တိုက်တွန်း နေပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာရတဲ့ ဒုက္ခသည် ၁.၈ သန်းရှိပါတယ်။
အဲဒီအထဲ ၁.၅ သန်းကတော့ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဒေသအလိုက် ခုခံစစ်တွေပေါ်လာခဲ့တဲ့နောက်၊ စစ်ကိုင်း မကွေး၊ ချင်း၊ ကချင် ၊ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ တိုးများလာပါတယ်။
ဒုက္ခသည်တွေဟာ ကျေးရွာတွေကိုစွန့်ခွာပြီး တောတောင်တွေ အခြားကျေးရွာတွေမှာ လှည့်လည်နေရပြီး၊ သူတို့အတွက် အကူအညီတွေလည်း လုံလုံလောက်လောက်မရှိဘူလို့ ဒေသခံအကူအညီပေးနေသူတွေက ဗွီအိုအေကို ပြောခဲ့ကြပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG