သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ထိရောက်တဲ့ HIV ကုသမှုလိုသေးကြောင်း ကုလပြော


AIDS ညီလာခံက slide show ပြကွက်တခု
AIDS ညီလာခံက slide show ပြကွက်တခု

ဒီကနေ့ ကမ္ဘာ့ AIDS နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေအတွက် ရောဂါကုသခွင့်အပြည့်အဝရရေး အလေးပေးဆောင်ရွက်ဖို့ UNAIDS အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုးကူးစက်နှုန်းကျဆင်းခဲ့ပေမဲ့ ထိရောက်တဲ့ကာကွယ်မှုတွေဆက်ပြီးလိုအပ်နေဆဲပဲလို့ မြန်မာနိုင်ငံ အတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံက ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေကို ထိထိရောက်ရောက်ကုသပေးရေး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထပ်ပြီးကြိုးစားအားထုတ်ဖို့လိုနေတယ်လို့ UNAIDS အကြီးအကဲ Michel Sidibe (မီရှယ်လ် ဆီဒီဘဲ)ကပြောဆိုလိုက်ပါတယ်။

“ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ၂ ဆတိုး လုပ်ဆောင်ကြဖို့ အချိန်ဖြစ်ပါတယ်။ ရောဂါ ကူးစက် နေသူတွေကို အမြန်ဆုံး ကုသမှုတွေ လုပ်ဆောင်ပေးပြီး HIV ရောဂါပိုး မကူးစက်အောင် ကြိုတင် ကာကွယ်မှု၊ ကြည့်ရှု စောင့်ရှောက်မှု လက်ခံရရှိနေသူတွေနဲ့ အဲဒီလို အခွင့်အရေးတွေ မရတဲ့သူတွေအကြားက ကွာခြားချက်ကို နဲနိုင်သမျှ နဲအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတွေ၊ မြို့တွေ၊ လူမှု အသိုင်းတွေမှာ HIV ပိုး ကူးစက်နေသူတွေကို လိုက်လံ ကြည့်ရှုမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ ရည်မှန်းချက်က ၂၀၂၀ ခုနှစ်မှာ HIV ပိုး ကူးစက်နေသူ ၉၀ ရာခိုင်နှုန်းအနေနဲ့ သူတို့ရောဂါအခြေအနေကို သိရှိတာ၊ အဲဒီ ၉၀ ရာခိုင်နှုန်းက ဆေးဝါး ကုသမှု ခံယူနိုင်တာနဲ့ ဆေးဝါးကုသမှု ရရှိတဲ့ ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တာ စတဲ့ ၉၀ - ၉၀ - ၉၀ ဆိုတဲ့ ပစ်မှတ် ၃ ခုထားပြီး အလျင်အမြန် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၃၀ ခုနှစ်ရောက်ရင် ကမ္ဘာကြီးမှာ AIDS ရောဂါပပျောက်ရေးအထိ ကုလသမဂ္ဂကရည်မှန်းကြိုးစားနေကြောင်းပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ မှာ HIV ကူးစက်နေသူတွေအတွက် ဆေးဝါးကုသခွင့်ရရှိရေး အရေးတကြီးလိုအပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD-AIDS စင်တာကို ဦးဆောင်နေသူ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေကိုပြောပါတယ်။

“ရောဂါဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ပျောက်ကင်းစေချင်တယ်။ နောက်တချက်ကကျတော့ ရောဂါတိုက်ဖျက်တဲ့နေရာမှာ အားလုံး ကိုယ်ကိုယ်တိုင် ရောဂါဝေဒနာ ခံစားနေရပေမယ့်လည်း ရောဂါကာကွယ်ဖို့ ၊ တိုက်ဖျက်ဖို့ဆိုတဲ့နေရာမှာ အားလုံး သူတို့ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်စေချင်တဲ့ စေတနာနဲ့ပေါ့နော်၊ ဒီလို ကျင်းပခဲ့တယ်။ ဒီနေ့လေးမှာ အဓိကပြောချင်တာကတော့ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးအခက်အခဲတွေကြောင့် စီးပွားရေးအခက်အခဲတွေ ဖြစ်နေတယ်၊ စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတယ်။ ရောဂါဝေဒနာသည် တော်တော်များများကလည်း ဆေးဝါးကုသချင် ပေမယ့်လည်း ကုသနိုင်တဲ့အခွင့်အရေးတွေ မရှိဘူး။ နောက်တချက်ကကျတော့ ဆေးဝါးကုသချင်ပေမယ့်လည်း သူတို့မှာ အခွင့်အရေးမရတာရယ်၊ နောက် တချက်က ဆေးဝါးနဲ့လက်လှမ်းမမီတာရယ်ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးနေရသလို ရောဂါဝေဒနာစွဲကပ်နေတဲ့ကလေးတွေ၊ မိဘမဲ့ဖြစ်မှုနှုန်းတွေ ကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ များပြားလာတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံအတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိနေသူ ဦးရေ ခန့်မှန်းခြေ နှစ်သိန်းလောက်ရှိပါတယ်။ အဲဒီအထဲက ၃၇% ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အသက် (၁၄) နှစ်အောက် HIV ရောဂါပိုးရှိနေသူ ကလေး အရေ အတွက် ၁၃,၀၀၀ နီးပါးရှိနေတာပါ။ HIV/AIDS ရောဂါနဲ့သေဆုံးသူဦးရေ ၁၅,၀၀၀ လောက်ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ပျံနှံ့မှုနှုန်းကျဆင်းခဲ့ပေမဲ့ လိင်တူချင်းဆက်ဆံသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ မူးယစ်ဆေးဝါးထိုးသူတွေထဲ မှာတော့ ကူးစက်မှုနှုန်း အန္တရာယ်မြင့်မားနေဆဲပဲလို့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ UNAIDS/ WHO နဲ့ UNICEF တို့နဲ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အမျိုးသား AIDS အစီအစဉ်ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG