သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားပပျောက်ရေး မြန်မာဆောင်ရွက်ချက် ကုလကြိုဆို


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနားတွင် တွေ့ရစဉ်။ (၃ စက်တင်ဘာ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနားတွင် တွေ့ရစဉ်။ (၃ စက်တင်ဘာ ၂၀၁၂)
မြန်မာနိုင်ငံမှာ ကလေးစစ်သားပပျောက်ရေး စီမံကိန်းတွေထားပြီး အစိုးရနဲ့ စစ်တပ်က ဆောင်ရွက်နေတာကို မြင်တွေ့ခဲ့ရလို့ ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ သံအမတ်ကြီး မစ္စစ် Sylie Lucas က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာလည်း အစိုးရနဲ့ ကုလသမဂ္ဂအကြား မူလက သဘောတူထားတဲ့ ကလေးစစ်သားပပျောက်ရေး နောက်ဆက်တွဲစာချုပ်ကို လာမယ့် ၂၀၁၅ မှာ မြန်မာနိုင်ငံဘက်က လက်မှတ်ထိုးလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သူမက ပြောပါတယ်။

ရန်ကုန်မြို့ အင်းလျားမြိုင်လမ်းက UNICEF ရုံးမှာပြုလုပ်တဲ့ လက်နက်ကိုင် ပဋိပက္ခများကြားက ကလေးသူငယ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲအကြောင်းကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံမှာ ကလေးစစ်သားပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂနဲ့ သဘောတူစာချုပ်တရပ် လက်မှတ်ထိုးခဲ့တာပါ။ အဲဒီစာချုပ်အရ ၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား လုံး၀ ပပျောက်အောင် ဆောင်ရွက်ရေး ဆိုပြီးတော့လည်း ကုလသမဂ္ဂနဲ့ မြန်မာအကြား သဘောတူထားတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နားလည်မှုစာချုပ်အပေါ်မှာ မြန်မာနိုင်ငံက ကလေးစစ်သား ဘယ်လောက် ပပျောက်အောင် ဆောင်ရွက်နေလဲဆိုတာ သိနိုင်အောင် လာရောက်ပြီး အစိုးရ နဲ့ တပ်မတော်အာဏာပိုင်တွေကို တွေ့ဆုံခဲ့ပါတယ်။

နောက်ဆုံးကိန်းဂဏန်းအရ မြန်မာနိုင်ငံမှာ ကလေးစစ်သား ပပျောက်ရေး အတွက် ၁၇၆ ဦးကို စစ်တပ်ထဲက ထွက်ခွင့်ပေးထားတာကို တွေ့ရပြီးတော့ တပ်တွေထဲမှာလည်း ကလေးစစ်သားတွေ လျော့ပါးရေး စီမံကိန်းထား ဆောင်ရွက်နေတာကို မြင်တွေ့ရလို့ ကျေနပ်မိတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ သံအမတ်ကြီး မစ္စစ် Sylie Lucas က ပြောပါတယ်။

“ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက ကလေးစစ်သား ပပျောက်ရေးကို သဘောတူပြီးဖြစ်တဲ့ အချိန်ကစလို့ အစိုးရနဲ့ တပ်မတော်အကြား တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာကို တွေ့ရလို့ အားတက်မိပါတယ်။ ကလေးစစ်သားတွေရှိခဲ့တဲ့ စခန်းတွေကိုလည်း မကြာသေးခင်က သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ လေ့ကျင့်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကလေးတွေနဲ့ပတ်သက်ပြီးတော့ လေ့လာခွင့်ရခဲ့တယ်။”

သူမအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကလေးစစ်သား လုံး၀ ပပျောက်ရေးအတွက် နောက်ဆက်တွဲ စာချုပ်ကို အမြန်ဆုံး ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်းလည်း အခုလို ပြောပါတယ်။

“နောက်ဆက်တွဲပါရှိတဲ့ စာရင်းတွေအရ လက်နက်ကိုင်အဖွဲ့အစည်း ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ဦးအောင်မင်းဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာအနေနဲ့လည်း လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုလာတာကိုလည်း ဝမ်းသာပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတဲ့အခါမှာလည်း ကလေးစစ်သားတွေ ပပျောက်ဖို့ ကိစ္စကိုလည်း ဆွေးနွေးပေးမယ်လို့ ပြောဆိုတဲ့အပေါ်မှာ ဝမ်းသာပါတယ်။”

ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း သူတို့ရဲ့တပ်တွေထဲမှာ ကလေးစစ်သားတွေ ပပျောက်ရေး ဆောင်ရွက်ဖို့လည်း လိုအပ်ပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဲဒီကိစ္စကိုလည်း အလေးပေးဆွေးနွေးဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သူမက ပြောပါတယ်။

အစိုးရဘက်ကတော့ အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂ ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်နေသူတွေ တိုက်ရိုက်ဆက်သွယ်နိုင်အောင် ကူညီပေးမယ်လို့ ပြောဆိုတာကို ကြိုဆိုပြီး ဝမ်းသာတယ်လို့လည်း မစ္စစ် Sylie Lucas က ပြောပါတယ်။

“ကလေးစစ်သား ပပျောက်ရေးစာချုပ်ကို နောက်ဆက်တွဲအနေနဲ့ လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ဆက်တွဲစာချုပ်အရ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးတွေ မပါတော့ဘူးဆိုတာ ဖြစ်နိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ နောက်ပိုင်းမှာလည်း ကလေးတွေ တပ်တွေထဲမှာ မရှိဖို့ လိုအပ်ပါတယ်။ အစိုးရက ကတိကဝတ် ပြုထားတဲ့အတိုင်း ၂၀၁၅ မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ မရှိအောင်လုပ်မယ်လို့ ပြောတာကိုလည်း ကြိုဆိုပါတယ်။ ILO ရဲ့ ပြောဆိုချက်တွေကို လိုက်နာမယ်လို့ အစိုးရက ကတိပေးတာအပေါ်မှာလည်း ကျေနပ်အားရမိပါတယ်။”

လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့ထဲက ၇ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ညီညွတ်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်မတော်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့နဲ့ ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်ဖို့ သဘောတူထားပြီး ဖြစ်တယ်လို့ မစ္စစ် Sylie Lucas က ပြောခဲ့ပါတယ်။
XS
SM
MD
LG