သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ်ကြောင့် အိုးအိမ်စွန့်ရတဲ့ ယူကရိန်းပြည်သူ (၁၀) သန်းကျော်ပြီ


Lapolis tcheke papye ak sak refije yo nan Brovary, Ikren, Dimanch 20 Mas 2022.
Lapolis tcheke papye ak sak refije yo nan Brovary, Ikren, Dimanch 20 Mas 2022.

ယူကရိန်းမှာ ခုသီတင်းပတ်ကုန်ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေသလို ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်ခဲ့ချိန်ကစပြီး အခုချိန်အထိဆို ယူကရိန်းနိုင်ငံသား ၁၀ သန်းကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

"ဖေဖေါ်ဝါရီလ ၂၄ ရက်ကစပြီး ဘေးလွတ်ရာ နေရာမှာခိုလှုံဖို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ယူကရိန်းနိုင်ငံသားက ၁၀ သန်း ကျော်နေပါပြီ။ ဒါဟာ ယူကရိန်းလူဦးရေရဲ့ လေးပုံတပုံလောက် ရှိနေတာပါ။ နေရပ်စွန့်ခွါထွက်သွားရသူ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ် ၆ သန်းခွဲလောက်က ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းရသူတွေ ဖြစ်ပြီး နယ်စပ်ကျော်ဖြတ်ပြီး ဒုက္ခသည်အဖြစ် ပြည်ပထွက်ပြေးရသူကတော့ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ လူပေါင်း ၃ သန်းခွဲလောက်ရှိမယ်လို့ IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အဖွဲ့က ခန့်မှန်းထား ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။”

မြို့လည်ခေါင် နေရာတွေမှာ ရုရှားက လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့တယ် ဆိုတဲ့ သတင်းတွေရနေသလို အခုသီတင်းပတ်ကုန် ၂ ရက်အတွင်းမှာပဲ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် ပြည်ပထွက်ပြေးရသူ ပိုတိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကတော့ ယူကရိန်းက တိုက်ပွဲတွေအတွင်း တနင်္ဂနွေနေ့မှာ ဆေးကုသတဲ့ နေရာပေါင်း နောက်ထပ် ၆ နေရာမှာ အတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ခုဆို ရက်ပေါင်း ၂၅ ရက်အတွင်း ဆေးရုံ ဆေးခန်းပေါင်း ၅၂ ခု အတိုက်ခိုက်ခံ ခဲ့ရပြီဖြစ်ကြောင်း ပြောပါတယ်။ ဒါဟာ အကာအကွယ်ပေးရမယ့် ဆေးကုသတဲ့ နေရာတွေ တရက်ကို ၂ ကြိမ်လောက် အတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။ အခုလို အတိုက်ခိုက်ခံနေရချိန်မှာပဲ လူသားစာနာမှု အကူညီပေးရေး ယဉ်တန်းဟာ သောကြာနေ့ကတော့ ယူကရိန်းနိုင်ငံထဲက Sumy မြို့ကို ရောက်သွားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

-------------------






XS
SM
MD
LG