သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညွှန်ချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဘင်္ဂလားဒေ့ရှ် သွားမည်


ကုလအတွင်းရေးမှူးချုပ် Antonio Guterres
ကုလအတွင်းရေးမှူးချုပ် Antonio Guterres

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim တို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက် ဇူလိုင်လ ၁ ရက် တနင်္ဂနွေနေ့မှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီ နှစ်ရက်ကြာ ဒီခရီးစဉ်ဟာ “၂၀၁၇ ခုနှစ်အတွင်း အများဆုံးထွက်ပြေးလာတဲ့ ဒုက္ခသည် တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ စာနာကူညီမှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း က ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်တာကို အထူး ဖော်ပြ” မှာဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ Guterres နဲ့ မစ္စတာ Kim တို့ဟာ ဒုက္ခသည်တွေအတွက် ကာလလတ် အစီ အစဉ်နဲ့ “ပြီးပြည့်စုံတဲ့ အဖြေတွေ” ရဖို့ အတွက် လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ “နောက်ထပ် ဆွေးနွေးရေး အခြေခံအချက်တွေကို ချမှတ်” မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ဟာ ဒါကားမြို့တော်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် Sheikh Hasnia နဲ့ တခြား ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါမယ်။ တနင်္လာနေ့မှာတော့ Cox’s Bazar က ဒုက္ခသည်စခန်းကိုသွားပြီး ဒုက္ခသည်တွေ၊ အကူအညီ ပေး လုပ်သားတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက်သာမက ဒေသတခုလုံးအတွက် စိုးရိမ်ဖွယ် ကိစ္စ ကြီးတခုဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Syed Muazzem Ali က သောကြာနေ့မှာပြောပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Siliguri မြို့က ဘင်္ဂလားပြည်နယ်မြောက်ပိုင်း စာနယ်ဇင်း ကလပ်မှာ လုပ်တဲ့ ပွဲတခုအတွင်း သံအမတ်ကြီး Ali က သတင်းထောက်တွေကို အဲဒီလို ပြောသွားတာပါ။

ဒီပြဿနာရဲ့ အဓိကအခြေခံအချက်က မြန်မာနိုင်ငံဟာ ကိုယ့်လူထုကို နိုင်ငံသားတွေ အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာပဲ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Ali က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG