မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူစလင်တွေရဲ့ အခြေအနေကို ကိုယ်တိုင်ကြည့်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခုဧပြီလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေကြပါတယ်။
အခု ဧပြီ လအတွက် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့ ပီရူးနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူထားစဉ်အတွင်း လုပ်ဆောင်မယ့် အစီအစဉ်တွေကို သတင်းထောက်တွေကို တနင်္လာနေ့က ရှင်းလင်းပြောကြားစဉ်မှာ ဥက္ကဋ္ဌ Gustavo Meza-Cuadra က မြန်မာနိုင်ငံကို သွားနိုင်ဖို့ ဖြစ်နိုင်ခြေတွေကိုပြင်ဆင် ဆောင်ရွက်နေတယ်လို့ ပြောသွားတာဖြစ်ပါတယ်။
“လောလောဆယ်မှာတော့ အသေးစိတ် ဘာမှ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီခရီးစဉ်ကို သဘောတူ။ လက်ခံဖို့ မြန်မာအစိုးရဖက်က လိုလိုလားလားရှိနေပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို သွားချင်ပါတယ်။ မြေပြင်မှာလက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကို သွားလေ့လာနိုင်ရင် လုံခြုံရေးကောင်စီအတွက် အများကြီးအကျိုးရှိမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို ဦးဆောင်သွားမယ့်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။ လက်ရှိလုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပီရူးရယ်။ ကူဝိတ်ရယ် ဗြိတိန်နိုင်ငံရယ်က ဦးဆောင်သွားကြဖို့ စီစဉ်ထားကြပါတယ်။”
ခရီးစဉ်အတွက် အစီအစဉ်ဆွဲနေတဲ့ အဆင့်မှာပဲရှိသေးတယ်လို့ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ Gustavo Meza-Cuadra ကပြောကြားခဲ့တာ ဖြစ်ပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
လုံခြုံရေးကောင်စီမှာ ကူဝိတ်က အရင်အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူခဲ့စဉ်ကတည်းက မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွက် ဗြိတိန်နဲ့အတူ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်သံအမတ်ကြီးတို့က ပီရူးသံအမတ်ကြီးနဲ့အတူ အစီစဉ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ်ပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိသွားပါပြီ။