သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီမှု ကုလ တခဲနက် အတည်ပြု


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အီရန်နျူကလီယားအရေး မဲခွဲဆုံးဖြတ်အတည်ပြုကြစဉ်။ (ဇူလိုင် ၂၀၊ ၂၀၁၅)
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အီရန်နျူကလီယားအရေး မဲခွဲဆုံးဖြတ်အတည်ပြုကြစဉ်။ (ဇူလိုင် ၂၀၊ ၂၀၁၅)

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အီရန်နျူကလီယား သဘောတူညီချက်ကို တနင်္လာနေ့က အတည်ပြုပေးလိုက်ပြီဖြစ်တဲ့အတွက် အီရန်အပေါ် ချထားတဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အီရန်ဘက်ကနေ နျူကလီယား အစီအစဉ်တွေကို လျှော့ချ ကန့်သတ်မှုတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နိုင်ငံအပြင် ဂျာမနီပါပါပြီး အီရန်နဲ့ ပြီးခဲ့တဲ့ အပတ်က ညှိနှိုင်းရရှိခဲ့တဲ့ သဘောတူညီမှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးကကန့်ကွက်မဲမရှိ ထောက်ခံခဲ့ကြတာပါ။

ဒီ ကုလသမဂ္ဂဆုံးဖြတ်ချက်ထဲမှာ အီရန်အနေနဲ့ အခုလိုသဘောတူခဲ့တာကို တကယ်လက်တွေ့လိုက်နာလုပ်ဆောင်မယ်ဆိုရင် ၂၀၀၆ ခုနှစ်ကတည်းက ချထားတဲ့ ပိတ်ဆို့မှုပေါင်း (၇) ချက်ကို တဖြည်းဖြည်းချင်း အဆုံးသတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ခုလို ပိတ်ဆို့ခဲ့မှုရဲ့ ရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ယူဆထားတဲ့ အီရန်ရဲ့ နျူကလီယားလက်နက်ထုတ်ဖို့ ကြိုးပမ်းမှုတွေကို မလွဲမသွေ ရပ်ဆိုင်းပေးဖို့ ဖိအားပေးနိုင်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ကိစ္စတွေအတွက်သာ ဖြစ်တယ်လို့ တောက်လျှောက် ပြောလာခဲ့ပါတယ်။

အီရန်အနေနျင့်က ပေးထားတဲ့ ကတိတွေကို တကယ်လိုက်နာမနာ စောင့်ကြည့် အတည်ပြုပေးဖို့ IAEA ခေါ် နိုင်ငံတကာ နျူကလီယား စွမ်းအင် အေဂျင်စီကို လုံခြုံရေးကောင်စီက တာဝန်ပေးထားပြီး ဒီအေဂျင်စီနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အီရန်ကို လုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။

ဒီ IAEA ကုလသမဂ္ဂ အေဂျင်စီဘက်ကနေ အီရန်နျူကလီယား အစီအစဉ်ဟာ တကယ့်ကို ငြိမ်းချမ်းတဲ့ကိစ္စတွေအတွက်သာဖြစ်တယ်ဆိုတာ ခိုင်လုံကြောင်း အတည်ပြုပေးပြီးမှသာ အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG