သုံးရလွယ်ကူစေသည့် Link များ

စနေနေ့တုန်းက မြောက်ကိုရီးယားနိုင်ငံရဲ့ ရေငုပ်သဘောင်္ကပစ်လွှတ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်စနစ် SLBM - စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့တည်ဆဲဆုံးဖြတ်ချက်တွေကို နောက်တခါထပ်ပြီး ဆိုးဆိုးဝါးဝါး ချိုးဖောက်လိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာတင်းမာမှုတွေတိုးလာနေချိန်မှာ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယားလက်နက် ပစ်လွှတ်တဲ့စနစ်ကို ပိုပြီး အားဖြည့်ရာကျနေကြောင်း ကုလလုံခြုံရေးကောင်စီရဲ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကချမှတ်ထားတဲ့ တည်ဆဲ ဆုံးဖြတ်ချက်တွေကိုလိုက်နာဖို့ မြောက်ကိုရီးယားကို ဖိအားပေးတဲ့အနေနဲ့ အရင် သီတင်းပတ် အနည်းငယ်တုန်းကပဲ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ထားခဲ့တာဖြစ်ပြီး အခုလည်း လုံခြုံရေးကောင်စီက နောက်ထပ် ကြီးမားတဲ့ အရေးယူမှုတွေကို ချမှတ်မှာဖြစ်ကြောင်း ဒီကြေညာချက်ထဲမှာပဲ သတိပေးထားပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာ KCNA မှာတော့ - ခေါင်းဆောင် Kim Jong Un ကိုယ်တိုင် စောင့်ကြည့်ခဲ့တဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့စနစ် - နောက်ဆုံးစမ်းသပ်မှုအောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား ဘက် ကတော့ ဒီစမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်းနဲ့ ဒုံးလက်နက်ဟာ ပင်လယ်ထဲကျမသွားခင် ကီလိုမီတာ ၃၀ ထက် ပိုပြီး ဝေးဝေး မရောက်ခဲ့ ကြောင်း ပြောပါတယ်။ အခု စမ်းသပ်တဲ့ ဒုံးကျည်အမျိုးအစားဟာ အနည်းဆုံး ကီလိုမီတာ ၃၀၀ အကွာအဝေးအထိ ပစ်လွှတ်နိုင်တဲ့ အမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားအစိုးရရဲ့ သတင်းရင်းမြစ်တစ်ခုအရ လွှတ်တင်ပြီး မကြာခင်မှာပဲ ဒုံးကျည်ရဲ့ အင်ဂျင်စက် ချွတ်ယွင်းသွားခဲ့တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သူ့ရဲ့ ဂျာမနီခရီးစဉ်အတွင်း မြောက်ကိုရီးယားက ရန်စတဲ့ အပြုအမူတွေကို လုပ်ပြနေတာ သေချာတယ်-လို့ ပြောခဲ့ပြီး - အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းမယ်ဆိုရင် သူ့ဘက်ကလည်း နျူကလီးယားလက်နက် စမ်းသပ်မှုကို တရားဝင် ဆိုင်းငံ့မယ်ဆိုတဲ့ မြောက်ကိုရီးယားဘက်က ကမ်းလှမ်းချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG