သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်စာရင်း ထပ်တိုး


ကုလလုံခြုံရေးကောင်စီ အစည်းအဝေး ( ဇွန် ၂-၂၀၁၇)
ကုလလုံခြုံရေးကောင်စီ အစည်းအဝေး ( ဇွန် ၂-၂၀၁၇)

မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ Nuclear ဗုံး တီထွင်ရေး အစီအစဉ်ကို ဆက်မလုပ်ဖို့ နိုင်ငံတကာကဝိုင်းဝန်းဖိအားပေးနေတဲ့ စာရင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုးမြှင့်လိုက်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စာရင်းထဲမှာ လူပုဂ္ဂိုလ် ၁၄ ဦးနဲ့ ကုမ္ပဏီ ၄ ခုကို ထပ် ထည့်သွင်းလိုက်ပါတယ်။

ဒီနှစ်ထဲမှာ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ကတည်းက ခရီးသွားလာခွင့်ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေလုပ်ဖို့ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်ကို အကြမ်းရေးပေးတဲ့ အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ သဘောထားကို ပြသခဲ့ပြီး မြောက်ကိုရီးယားက ထပ်ပြီးရန်စလာခဲ့ရင် ဘယ်လိုတုံ့ပြန်နိုင်လည်း နည်းလမ်းပေါင်းစုံကို စဉ်းစားထားရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ကြေညာသွားပါတယ်။

အရင်လမှာ ပြုလပ်ခဲ့တဲ့ ၃ ခု အပါအဝင် မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ဒီလိုလုပ်ရပ်တွေ ဆက်မလုပ်ဖို့ ပြောထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်နေတာပါ။ nuclear လက်နက် စမ်းသပ်ထုတ်လုပ်မှုတွေ ကို နိုင်ငံတကာက ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးဆိုတာမြောက်ကိုရီးယားအနေနဲ့ သဘောပေါက်ဖို့လိုတယ်လို့လည်း ကုလသံအမတ်ကြီး Haley က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီလို အာခံတဲ့ လုပ်ရပ်တွေကို နိုင်ငံတကာကလည်း အတော်စိတ်ပျက်နေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဒီနှစ်စကတည်းကဆိုရင် ပဲ့ထိန်းတပ်ဒုံးကျည် ၉ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တချို့က တောင်ကိုရီးယား ဂျပန်နဲ့ Russia နိုင်ငံတွေနားတွေမှာ ကပ်ကျခဲ့တာပါ။ အခုဆို မြောက်ကိုရိးယားရဲ့ အရင်းနှီးဆုံး မိတ်ဆွေ တရုတ်အစိုးရကတောင် မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို စိတ်ပူလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG