သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအကြံပေး မကြာခင်ခန့်အပ်မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးတဦးခန့်ထားဖို့ ကိစ္စဟာ မကြာခင်အကောင်အထည်ပေါ်တော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။ မုတ်သုန်ရာသီမှာ အန္တရာယ်ကြုံနိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လဲ လိုအပ်တဲ့အစီအစဉ်တွေလုပ်နေတယ်လို့ဆိုပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာက ပြောပြပါ့လိမ့်မယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ သတင်းထောက်တွေနဲ့ ခေတ္တတွေ့ဆုံခဲ့တာပါ။ အဲဒီမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် တဦးခန့်ထားမယ့်ကိစ္စကို ဦးစားပေးဖြေကြားသွားတာဖြစ်ပါတယ်။

"ဒီရာထူးခန့်ထားရေး အတွက် ကျနော် ဆွေးနွေးညှိနှိင်းမှုတွေ အများကြီးလုပ်နေပါတယ်။ မကြာခင်ဖြစ်လာတော့မယ်လို့ ထင်ပါတယ်။ ဒီတာဝန်ဟာ လူတိုင်း လွယ်လွယ်ကူ လက်ခံဆောင်ရွက်နိုင်မယ့် တာဝန်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မကြာခင်ပြေလည်လိမ့်မယ်လို့ ဆိုတာသေချာပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အတွက် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ရာထူးဟာ ၂၀၁၆ ဒီဇင်ဘာမှာ Vijay K. Nambiar ရာထူးသက်တမ်းကုန်ဆုံးချိန်ကစပြီး ပျက်ပြယ်နေခဲ့တဲ့ ရာထူးဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့် Cox’s Bazar မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မုတ်သုန်ရာသီမှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့လဲ Mr Guterres က အခုလိုဖြေကြားသွားပါတယ်။

"ပထမဦးဆုံးပြောချင်တာကတော့ Cox’s Bazar နဲ့ပတ်သက်လာရင် မုတ်သုန်ရာသီဟာ အကြီးမားဆုံး စိုးရိမ်စရာဖြစ်တယ် ဆိုတဲ့အချက်ပါ။ လူပေါင်း ၂ သိန်းခွဲလောက်ဟာ ရေကြီးနိုင်တဲ့နေရာ ဒါမှမဟုတ် အန္တရာယ်ကျရောက်နိုင်တဲ့နေရာ မှာ ရှိနေကြပါတယ်။ ဒီလူတွေကို နေရာရွှေ့ပေးမယ့် အကောင်းဆုံးနည်းလမ်းကို ကျနော်တို့ ဆွေးနွေးထားပါတယ်။ အကောင်းဆုံးကတော့ ကုန်းမြင့်တနေရာရာ ကို တခြားမှာရှာဖို့ ပဲဖြစ်တယ်လို့ထင်ပါတယ်။"

ဆက်လက်ပြီး Mr Guterres က ဒီကိစ္စဆွေးနွေးမှုဟာ သိပ်ကို အပြုသဘောဆောင်တဲ့ အကြောင်း၊ အဲဒီ Coz’s Bazar မှာရှိနေတဲ့ UNHCR ခေါ် ဒုက္ခသည်များဆိုင်ရာအေဂျင်စီကလူတွေ၊ IOM ခေါ် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ က ဝန်ထမ်းတွေ ဟာလဲ Bangladesh အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေကြတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ အစိုးရကတော့ ဒုက္ခသည်တွေကို အထောက်အထားစိစစ်ပြီး ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG