သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံး သတ်ဖြတ်မှု ဟန့်တားရေး ကုလအကြံပေး ရိုဟင်ဂျာအရေး စိုးရိမ်


နယူးရောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ အထူးသတင်းစာရှင်းလင်းပွဲအတွင်း လူမျိုးတုံး သတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က ပြောကြားနေစဉ် (စက်တင်ဘာလ ၁၉၊ ၂၀၁၈)
နယူးရောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ အထူးသတင်းစာရှင်းလင်းပွဲအတွင်း လူမျိုးတုံး သတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က ပြောကြားနေစဉ် (စက်တင်ဘာလ ၁၉၊ ၂၀၁၈)

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ကြီးမားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြစ်မှုကျူးလွန်သူတွေကို ICC ခုံရုံး ဒါမှမဟုတ် အခြား နိုင်ငံတကာ တရားစီရင်မှုဆိုင်ရာ တရားရုံးကနေ စီရင်ချက် ချမှတ်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က ပြောကြားလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် အနှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား မတိုင်ခင် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ မနေ့က အထူးသတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလို ပြောဆိုခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

၁၉၄၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ စာချုပ်မှာ မြန်မာအပါအဝင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၄၉ နိုင်ငံရှိနေပြီး လက်မှတ်မထိုးရသေးတဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံ ရှိနေတာပါ။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံး လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကြီး တခုဖြစ်လာဖို့ စက်တင်ဘာလ (၁၉)ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အထူး သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က မေတ္တာရပ်ခံခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့လည်း ပြဌာန်းချက်တွေအတိုင်း လိုက်နာ အကောင်အထည်ဖေါ်ဖို့ လည်း သူက တိုက်တွန်းသွားပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်လည်းဖြစ်၊ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို စုံးစမ်းခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာကို Adama Dieng က အခုလို နမူနာ ပေးပြောဆိုသွားပါတယ်။

“လူ့အခွင့်အရေးကောင်စီက ခန့်အပ်တဲ့ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံ အစီရင်ခံစာကို ဒီကနေ့ ကျနော်တို့ လက်ခံရရှိပါတယ်။ သူတို့ ခြုံငုံသုံးသပ်ချက် ဘယ်လို ချခဲ့သလဲ ဆိုတာကိုလည်း သိပြီးသာဖြစ်မှာပါ။ အဲဒီမှာ ဖြစ်ပျက်ခဲ့တာကို လူမျိုးတုန်းသတ်ဖြတ်မှုလို့ သူတို့က ပြောထားပါတယ်။ ဒါကို တနေ့ကျရင် ICC ဒါမှမဟုတ် တခြား နိုင်ငံတကာ တရားရုံးက စစ်ဆေးပြီး မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ဒီပြစ်မှုတွေအတွက် ဥပဒေအရ သတ်မှတ်ခေါ်ဆိုပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ICC ရှေ့နေချုပ် Fatou Bensodu ကတော့ ရိုဟင်ဂျာတွေ အတင်းအကြပ်မောင်းထုတ်ခံတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို စတင် လေ့လာသုံးသပ်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအကြမ်းဖက် အဖွဲ့က ၂၀၁၇ခုနှစ် သြဂုတ်လက နယ်စပ်လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြန်မာစစ်တပ်ရဲ့ တန်ပြန်နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ အတင်းအဓမ္မပြုကျင့်တာ၊ နေရပ်ကနေ အတင်းအကြပ် မောင်းထုတ်တာ စတဲ့ ကြီးမားပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေရှိခဲ့ကြောင်း စွပ်စွဲချက်တွေရှိခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းကျော် တဖက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပါတယ်။

ဒီအခြေအနေဟာ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းကို ထိခိုက်စေခဲ့တဲ့ ထင်ရှားတဲ့ ဥပမာအဖြစ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာ ရောက်စေတယ်လို့ ပြောရမှာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ကျနော်တို့ တွေ့ခဲ့ရတာဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အန္တရာယ် ဖြစ်စေတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံက လူတွေ အစုလိုက် အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အခုလည်း ဆက်လက်ထွက်ပြေးနေကြဆဲပါ။ အခုအခြေအနေမှာ အရင်ကထက် အကြမ်းဖက်မှု လျော့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီလိုမျိုး ဖြစ်ရပ်တွေကို ဟန့်တားဖို့ ပေးထားတဲ့ ကတိတွေကို မတည်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဆိုခဲ့ပေမယ့် ထပ်ခါထပ်ခါ ဖြစ်နေတာ တွေ့ရပါတယ်။”

ဒါအပြင် လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ နိုင်ငံတွေရဲ့ အရေးနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ ပြစ်မှုကျူးလွန်သူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့ ဆုံးဖြတ်ချက်ပေးရတဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကိုလည်း လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဝေဖန်ခဲ့ပါတယ်။ လုံခြုံရေး ကောင်စီဟာ ဗီတိုအာဏာရှိနေတဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးအရ အသုံးချခံနေရတဲ့ အဖွဲ့အစည်းဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။ မြန်မာအရေးဆိုရင်လည်း လုံခြုံရေးကောင်စီအနေနဲ့ အခုချိန်ထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ Adama Dieng ကဆိုပါတယ်။

“ဥပမာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအနေနဲ့အသေအချာ ကိုင်တွယ်သင့်ပါတယ်။ လုံခြုံရေးကောင်စီမှာ ပထမဆုံး အကြိမ် သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီကို စေလွှတ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီက ပြန်လာပြီး ကိုယ်စားလှယ်အများစုက သိပ်ကို အံ့သြသင့် တုန်လှုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုထိ ဘယ်လိုမှ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူခြင်း မရှိသေးပါဘူး။”

၁၉၄၅ ခုနှစ် ကုလသမဂ္ဂ စတင်ဖွဲ့စည်းပြီး သုံးနှစ်အကြာ ၁၉၄၈ ခုနှစ်မှာ ချုပ်ဆိုနိုင်ခဲ့တဲ့ အရေးပါးဆုံး စာချုပ်တွေဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း သဘောတူညီချက် နဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် စတာတွေဖြစ်ပါတယ်။

အနှစ် (၇၀) ပြည့် လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် အထိမ်းအမှတ် အခမ်းအနားကိုစက်တင်ဘာလ ၂၅-၂၈ ရက်နေ့အထိ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၃)ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG