သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြံပေး ပုဂ္ဂိုလ် မြန်မာ ခရီးစဉ် အဆုံးသတ်


U.N. special adviser နမ်ဗီယား ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိစဉ် ဇွန်၁၄ ၂၀၁၂။
U.N. special adviser နမ်ဗီယား ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိစဉ် ဇွန်၁၄ ၂၀၁၂။
မြန်မာနိုင်ငံကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ သူ့ရဲ့ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပါပြီ။

ခရီးစဉ် အတွင်း မစ္စတာ နမ်ဘီယား ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပု၈္ဂိုလ် တွေ အပြင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ပထမဆုံး အမျိုးသမီး ဝန်ကြီးဖြစ်တဲ့ ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပြင် လူမှု အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား အုပ်စုတွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လည်း ပါဝင်ပါတယ်။
အခုလို တွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ SNLD ပြောခွင့်ရ ဦးစိုင်းညွန့်လွင် က အခုလို ပြောပါတယ်။

“ပါတီအနေနဲ့ကတော့ SNLD ပါတီ ပါတယ်။ ချင်းတိုးတက်ရေးပါတီက ဦးဒိုးဇန် ပါတယ်။ နောက် NGO ထဲက ဦးဇဘွဲဂျွန်က ပါတယ်။ နောက်ပုဂ္ဂုလိကထဲက ဟယ်လင်စောဦးဆိုတာ ကရင်ထဲက ပါတယ်။ ကယားလူငယ် တယောက်ပါတယ်။ နောက်ချင်းထဲက ချင်းခရစ်ယာန်အသင်း ဥက္ကဌ တယောက်ပါတယ်။ နောက် ဒေါ်ဂျာနယ်ပါတယ် သူက စရောဖောင်ဒေးရှင်းကပါတယ်။ သူက အစီအစဉ်လုပ်တယ်။ အဓိကကတော့ မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စပေါ့။

အခုက ကချင်မှာ ပစ်တာခတ်တာတွေ အားလုံးကို အတက်နိုင်ဆုံး အမြန်ဆုံး တက်နိုင်သလောက် ရပ်စဲသွားအောင် အကူအညီပေးဖို့ ကိစ္စပဲ။ ဦးဇဘွဲဂျွန်က အဓိကပေါ့ဗျာ။ သူက ကချင်ကလာတယ်ဆိုတော့ ကချင်ပြည်နယ် ဖြစ်နေတဲ့ကိစ္စတွေက အစိုးရဘက်က ရပ်လိုက်လို့ရှိရင် ဖြစ်မယ်ပေါ့။ အဲ့လိုတော့ ပြောတယ်။ ဆိုတော့ နဗ်ဗီးယားကလည်း ပြန်ရှင်းပြတယ်ဗျ။ သူ့အပိုင်းကလည်း သိတယ်မ ဟုတ်လား။ ကုလသမဂ္ဂဆိုတော့ လုပ်ရ ကိုင်ရတာ တချို့အခက်အခဲတွေရှိတယ်ပေါ့။ ပြည်တွင်းရေးကိစ္စ ဝင်စွက်ဖက်တာတို့ ဘာတို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် သူကတော့ ကြိုးစားပါ့မယ်ပေါ့။"

မစ္စတာ နမ်ဘီးယားရဲ့ လက်ရှိ ခရီးစဉ် အတွင်း ဆွေးနွေးမှုတွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ၆၇ နှစ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မယ့် အကြောင်းလည်း ပါဝင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ နယူးယော့ခ် ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာ ၂၇ ရက်နေ့ မိန့်ခွန်းပြောကြားဖို့ ရှိကြောင်း သိရပါတယ်။

အထူးအကြံပေး ပုဂ္ဂိုလ်ဟာ ၂၁ ရာစု မြန်မာနိုင်ငံမှာ နိုင်ငံသား ခံယူမှုနဲ့ ပတ်သက်တဲ့ ညီလာခံမှာလည်း မိန့်ခွန်းပြောကြားခဲ့တဲ့ အကြောင်း ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။ မစ္စတာ နဗ်ဗီးယားဟာ မကြာသေးမှီက ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့ပါတယ်။
XS
SM
MD
LG