သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည် ပြန်လည် နေရာချထားရေး ကုလအထူး ကိုယ်စားလှယ် ဆွေးနွေး


ကုလအတွင်းရေးမှူးချုပ်အထူးအကြံပေး မစ္စတာ ဘီဂျေး နမ်ဘီးယား။
ကုလအတွင်းရေးမှူးချုပ်အထူးအကြံပေး မစ္စတာ ဘီဂျေး နမ်ဘီးယား။
မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ နေပြည်တော်မှာ ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းအပါအဝင် တခြား ပြည်ထောင်စု ဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေအတွင်း ဆွေးနွေးခဲ့တာတွေထဲမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကချင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေ ကို ပြန်လည်နေရာချထားရေး ကိစ္စတွေလည်း ပါဝင်တယ်လို့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ဒီကနေ့မှာတော့ မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို ရောက်ရှိနေပြီး ဒုတိယသမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။သူရဲ့နေပြည်တော်ခရီးစဉ်မှာ မနက် ၉ နာရီခွဲ က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုံးမြင့်နဲ့ သင်္ဂဟဟိုတယ် မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယား နဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ တစ်နာရီ နီးပါးကြာ တွေ့ဆုံစဉ်မှာ အဓိက ဆွေးနွေးတဲ့ အချက်တွေ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအုံးမြင့်က အခုလို ပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့လုပ်ငန်းတွေကို တိုးပြီးတော့မှ ဆောင်ရွက်သွားမယ့် အခါကျတော့ မစ္စတာနမ်ဘီယားက ၂၅ ရက်နေ့က လုပ်တဲ့ Workshop မှာ တက်ပါတယ်။ သူကလည်း ကျနော်တို့နိုင်ငံကနေပြီးတော့မှ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေတွေကို သူတို့လည်း ကုလသမဂ္ဂကနေ အသိအမှတ်ပြု အားပေးပါတယ်ဆိုပြီးတော့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲဒီလို အခြေခံပြီးတော့မှ မြစ်ကြီးနားကို သူတို့သွားပြီး ပြန်လာတဲ့အခါကျတော့ မြစ်ကြီးနားဘက်မှာ သွားကြည့်ခဲ့တဲ့ အပေါ်ကို အခြေခံပြီးတော့ အဲဒီဘက်မှာ ပြန်လည်နေရာချထားတာလေးတွေ၊ ကျေးရွာလေးတွေ ပြန်ပြီးတော့ထူထောင်တာလေးတွေ။ အဲဒီကဏ္ဍနဲ့ ဆက်စပ်နေတဲ့ ဥစ္စာလေးတွေကို ကျန်တဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ သူတို့နဲ့က မိတ်ဆွေတွေ ရှိနေတယ်။ အကူအညီပေးဖို့ စီမံဆွေးနွေးတယ်။ အဓိကအားဖြင့်ပါ။”

မစ္စတာနမ်ဘီးယားဟာ ဒုတိယသမတအပါအဝင် တခြားဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်တွေကိုတော့ ဝန်ကြီး ဦးအုံးမြင့်က အခုလိုပြောပါတယ်။

“ကျနော်သိသလောက်တော့ သူ သမတ္တ (၁) နဲ့ တွေ့ပါမယ်။ ဒု-သမ္မတ (၁) လေ။ ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွေ့မယ်။ နောက်တခါ ဗိုလ်ချုပ်ကြီး သာဌေးဝင်းနဲ့တွေ့မယ်။ နောက်တခါ ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေ တွေ့မယ်။ အကြမ်းဖျင်းကတော့ အဲဒီလိုပဲ သိရပါတယ်ဗျာ။”

ဒု-သမ္မတနဲ့တွေ့ဆုံတဲ့အခါ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမတရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်ကြားရေး ဝန်ကြီးဌာနက နောက်ပိုင်းမှာ သတင်းထုတ်ပြန်သွားမယ်လို့ပဲ အကြောင်းပြန်ခဲ့ပြီး အသေးစိတ် မသိရပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ကတော့ နေ့ခင်း ၁ နာရီလောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

ကြာသပတေးနေ့ကတော့ မစ္စတာနမ်ဘီးယားဟာ ပြီးခဲ့တဲ့ မတ်လက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးက မိတ္ထီလာမြို့ကို သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကိုလေ့လာခဲ့သလို ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အရင်တရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ KIO အဖွဲ့ဌာနချုပ် လိုင်ဇာမြို့တို့ကို သွားရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့သလို KIO ခေါင်းဆောင်တွေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
XS
SM
MD
LG