သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်လာမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ် Yanghee Lee

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေကို သုံးသပ်လေ့လာဖို့အတွက် အခုလာမယ့် ဇန်နဝါရီ ၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေအခြေအနေ တိုးတက်မှု ရှိမရှိဆိုတာကို သုံးသပ်မှာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းက လူနည်းစုလူမျိုးတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ်ဖို့လာရောက်မှာဖြစ်တယ်လို့ Ms. Yanhee Lee က ပြောဆိုတဲ့အကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန် ပါတယ်။ ခရီးစဉ်အတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိပြီး လူမှုအသိုင်းအဝိုင်းတွေအကြား တင်းမာမှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အဲဒီ လူမှုအသိုင်းအဝိုင်း အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြောဆိုဆွေးနွေးသွားမယ်လို့ Ms. Yanhee Lee က ပြောပါ တယ်။ ဒါ့အပြင် လူမျိုး ဘာသာ ကာကွယ်ဖို့ဆိုတဲ့ မျိုးစောင့်ဥပဒေမူကြမ်း လေးရပ် အပေါ်မှာလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မပြည့်တဲ့ အချက်တွေအပေါ်မှာလည်း အလေးပေးဆွေးနွေးဖို့ရှိပါတယ်။ ဒီ ဥပဒေကြမ်းတွေကို အတည်ပြုလိုက်မယ်ဆိုရင် ဒါဟာ လူနည်းစု ဘာသာဝင်တွေ၊ လူနည်းစု လူမျိုးတွေ အပေါ် ခွဲခြားဆက်ဆံမှုဖြစ်လာစေနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ် လာစေနိုင်တာမို့ ဒီအပေါ်မှာ အထူးပဲ စိုးရိမ်မကင်းရှိနေတယ်လို့လည်း Ms. Yanhee Lee က ပြောတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာမယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာပဲ အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ကိစ္စတွေအပေါ် အာဏာပိုင်တွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို အခုတခေါက်ဆိုရင် ဒုတိယအကြိမ်မြောက် လာရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG