သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကုလ အတွင်းရေးမှူးကိုယ်စားလှယ် ခန့်ထားမှု သုံးသပ်ချက်


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် Noeleen Heyzer.
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် Noeleen Heyzer.

{{Zawgyi/Unicode}}


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သစ်အဖြစ် စင်္ကာပူနိုင်ငံက Ms. Noeleen Heyzer ကိုခန့်အပ်လိုက်တဲ့အတွက် စစ်ကောင်စီနဲ့ ဆက်ဆံတာမှာရော လူ့အခွင့်ရေးကိစ္စတွေ ကိုင်တွယ်တာမှာပါ အဆင်ပြေနိုင်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောပါတယ်။ မြန်မာ့အရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ဖူးသူဖြစ်သလို ဒေသတွင်း အခြေအနေကိုလည်း အရင်တာဝန်ယူဖူးသူတွေထက် ပိုပြီးနားလည်တဲ့အတွက် ပိုအဆင်ပြေနိုင်မယ်ဆိုပေမဲ့ သူ့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်ပါသလဲ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ အဆင့်မြင့်အကြီးအကဲတာဝန်ယူခဲ့ဖူးသလို နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ဖူးတဲ့ Noeleen Heyzer ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်လိုက်တာဟာ စစ်ခေါင်းဆောင်တွေနဲ့ ပြေလည်နိုင်မယ့်ဆက်ဆံရေးကို ဖော်ဆောင်နိုင်ဖို့ ကောင်းမွန် တဲ့ လမ်းကြောင်းတခုဖြစ်လိမ့်မယ်လို့ မြန်မာ့အရေး လေ့လာသူ တော်တော်များများက ခန့်မှန်းနေကြပါတယ်။ စင်္ကာပူနိုင်ငံကဖြစ်သလို မြန်မာ့အရေးနဲ့ မစိမ်းတဲ့သူဖြစ်တာရယ်၊ စစ်ကောင်စီနဲ့ဆက်ဆံရေးမှာ ထင်သာမြင်သာတဲ့ အပြောင်းအလဲတခု ဖြစ်လာလိမ့်မယ်လို့ မြင်ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ ဦးအောင်ဇော်ဦးက မျှော်လင့်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရင်က အဆက်အဆံလုပ်ဖူးသူဖြစ်သလို အရှေ့တောင် အာရှ၊ အာရှပစိဖိတ်ရေးရာ ဖွံ့ဖြိုးမှုတွေအတွက်လည်း တာဝန်ယူဖူးသူလည်းဖြစ်လို့ အခုလိုခန့်အပ်ခံရတယ်လို့ မြင်ကြောင်းသူက ပြောပါတယ်။

“ပျော့ပျောင်းတဲ့နည်းလမ်းတွေနဲ့ သွားဖို့အတွက်ကို ရွေးထားတာလို့ ကျနော်မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက အဆက်ဆက်ကခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်တွေနဲ့ တယောက်မှအဆင်ပြေခဲ့တဲ့လမ်းကြောင်းမှာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့အခေါက်က Christine Schraner Burgener ဆိုရင်လည်း ဘယ်လိုမှအဆင်မပြေဘူး၊ မြန်မာနိုင်ငံ အကြိမ်ကြိမ်ဝင် ဖို့ ကြိုးစားတယ်၊ ပျော့ပျောင်းတဲ့နည်းတွေနဲ့ ဝင်ဖို့ကြိုးစားတယ် ဘယ်လိုမှအဆင် မပြေခဲ့ဘူး။ ဒါကြောင့်မို့ Noeleen Heyzer ကို ခန့်အပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ စစ်ကောင်စီနဲ့ ပိုပြီးနီးစပ်ပြီးတော့ အိမ်နီးချင်းနိုင်ငံက ဖြစ်တယ်ဆိုတဲ့ဟာက အလုပ်ပိုဖြစ်မယ် ဆိုတဲ့ဟာမျိုးတွေနဲ့ နဂိုရ်သံတမန်တွေထက်စာရင် ပိုပြီးတော့ အလုပ်ဖြစ်နိုင်မယ်လို့တော့ ကျနော်က ယူဆပါတယ်။”

မြန်မာ့အရေးကို ကိုင်တွယ်တာမှာ Christine Schraner Burgener တွေ့ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေကို Noeleen Heyzer အနေနဲ့ သတိထား ရှောင်ရှားနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတချို့က မြင်ပါတယ်။ ရခိုင်ပြည်နယ် ရိုဟင်ဂျင်ကိစ္စအပါအဝင် တခြားစိန်ခေါ်မှုတွေနဲ့ မတူတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေသစ်ကို Noeleen Heyzer အနေနဲ့ ဖြတ်သန်းရလိမ့်မယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ လူနည်းစုအရေးနဲ့ပတ်သက်ပြီးဖြစ်ဖြစ် မြန်မာပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေ တရိပ်ရိပ်နဲ့ တိုးလာတဲ့အချိန်မှာ သူ့အနေနဲ့ ရိုဟင်ဂျာအရေးပြောမလား၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေ သွားမယ်ဆိုရင် ဖြစ်ဖြစ်ပေါ့နော်။ ဒါက ပြည်တွင်းထဲက ဆန့်ကျင်ကန့်ကွက်မယ့် သူတွေဟာကို ထည့်သွင်းစဉ်းစားရဖို့ သိပ်တော့ မရှိတော့ဘူး၊ တခုပဲ သူ့အနေနဲ့နဲ့ ကျမတို့မြင်တဲ့ Challenge ကြုံရမှာက ဒီစစ်တပ်ပေါ့နော်- စစ်ကောင်စီနဲ့ ထိတွေ့ရတဲ့အခြေအနေ ဖြစ်လာတဲ့အခါမှာ သူ့ဘက်က အခြေခံစံနှုန်းတန်ဖိုးတွေကို အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဖို့လိုတယ်။ အဲလိုမဟုတ်ဘူးဆိုရင် ဒီတော်လှန်ရေးအင်အားစုတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို သူအများကြီး ကြုံရမှာဖြစ်တယ်။ အဲဒီတခုကိုတော့ ကျမတို့အဓိက စိုးရိမ်တယ်ပေါ့။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု လိုအပ်ချက် ပြဿနာတွေ အများကြီးရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေ တဖြည်းဖြည်းများလာပြီး လူသားချင်းစာနာမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေပါတယ်။ ကုလအနေနဲ့ ဒါတွေကို ဖြေရှင်း ကူညီနိုင်ဖို့အတွက် အခု ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ရလိမ့်မယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


==========

{{Unicode}}









#MyanmarUN #UNspecialenvoy #NoeleenHeyzer #VOABurmese

=========

XS
SM
MD
LG