သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား ကချင်ဒုက္ခသည်တွေကို တွေ့ဆုံ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား ကချင်ဒုက္ခသည်တွေကို တွေ့ဆုံ
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲက ပဋိပက္ခတွေရဲ့ဒဏ် ခံခဲ့ရသူတွေကို ကုလသမဂ္ဂရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယား ဒီကနေ့ပဲ သွားရောက် တွေ့ဆုံပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တို့ကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ပြီး နောက်တရက်မှာပဲ အစိုးရတာဝန်ရှိသူတွေနဲ့အတူ မြစ်ကြီးနားမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံ ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို လိုက်ပါသတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်း ကို မေးကြည့်ပါမယ်။

မေး။ ။ ဦးရော်နီရေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့အတူ ကချင်ပြည်နယ်ဘက်က စစ်ဘေးသင့် ဒုက္ခသည်တွေဆီကို သွားရောက်ခဲ့တယ်ဆို၊ ဒီခရီးစဉ်မှာ သိရသမျှ ဦးရော်နီ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်း ဖြစ်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်လည်းဖြစ်တဲ့ ဗီဂျေး နမ်ဘီယားရယ်၊ နောက်ပြီး သူ့ရဲ့ ရုံးအဖွဲ့မှူး မစ္စစ်မာရီယာ တို့ ၂ ယောက်ဟာ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နောက်တခါ ဦးခင်ရီ တို့နဲ့အတူ မြစ်ကြီးနားကနေတဆင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေဆီကို NGO တွေနဲ့အတူ သွားရောက် တွေ့ဆုံပြီး အခြေအနေတွေကို မစ္စတာ ဗီဂျေး နမ်ဘီယား တို့ သိရှိအောင် ပြသပြောဆို ဆွေးနွေးတယ်လို့ သိရပါတယ်။

အဲဒီတော့ မစ္စတာ ဗီဂျေး နမ်ဘီယား ရယ်၊ ဦးစိုးသိန်း၊ ဦးခင်ရီ တို့ အဖွဲ့ဟာ မြစ်ကြီးနားကနေ ပြန်လာပြီးတော့ လားရှိုး လေဆိပ်မှာ ကျနော်တို့နဲ့ ဆုံတဲ့အခါမှာ ကျနော် မေးခွင့်ရလို့ မစ္စတာ နမ်ဘီယား ကို မေးပါတယ်။ ဒီကနေ့ ခရီးစဉ်ရဲ့ ရလဒ်ဟာ ဘာပါလဲလို့ မစ္စတာ နမ်ဘီယား ကိုမေးတော့ သူက အခုလို ပြောပါတယ်။

ဒီကနေ့ ရလဒ်ကို ပြောမယ် ဆိုရင်တော့တဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား ပြောတာက သူ့အနေနဲ့ ပထမဦးဆုံးအကြိမ် သွားတဲ့ ခရီးစဉ်ဖြစ်တယ်။ သူကတော့ တွေ့ရကြုံရတာတွေ ကျေနပ် အားရတယ်။ ကျေနပ်အားရပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်းကလည်း ကချင်ပြည်နယ်က အရေးကို စိုးရိမ်ပူပမ်နေတဲ့ လူတယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို လာရောက် ကြည့်ရှုလေ့လာတဲ့ ခရီးစဉ်ပဲ ဖြစ်တယ်ပေါ့နော်။ ဒီ IDP စခန်းတွေကို သွားရောက် တွေ့ခွင့်ရခဲ့တဲ့ အတွက်မို့လို့ သူ့အနေနဲ့ ဒါဟာ ကျေနပ်အားရတယ်လို့ ဒီနေ့ ခရီးစဉ်အပေါ် ပြောပါတယ်။

အဲဒီတော့ ကျနော် သူ့ကို နောက်ထပ် မေးခွန်းတခု ထပ်မေးပါတယ်။ အဲဒါက ကချင်လွတ်လပ်ရေးအဖွဲ့ လက်အောက်ခံ KIA တပ်နဲ့ မြန်မာစစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲထားတာ ၁၉၉၄ ကတည်းက၊ ဒါကြောင့် နောက်ထပ် အပစ်အခတ် ရပ်စဲစရာ မလိုဘူးလို့ KIO က စွဲကိုင်ထားတယ်။ အဲဒီတော့ ဒီအချိန် အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့် လေ့လာရေး ဌာနတွေ ကချင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ တည်ဆောက်ဖို့ ဆိုတဲ့ ကိစ္စနဲ့ ဖွဲ့စည်းဖို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘယ်လိုများ သိရှိထားပါသလဲလို့ ကျနော်မေးတဲ့အခါမှာ မစ္စတာ နမ်ဘီယား က အခုလို ပြောပါတယ်။

မစ္စတာ နမ်ဘီယား ပြောတာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပဲ ဆိုင်တယ်။ သူဆိုလိုတာက အစိုးရရယ်၊ KIO ရယ် သူတို့အဖွဲ့တွေက လိုချင်တဲ့ အနေအထားအတိုင်း စောင့်ကြည့်လေ့လာရေး ဌာနတွေ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေမှာ ဘယ်သူတွေ ပါဝင်ရမလဲဆိုတာတွေကို သူတို့အနေနဲ့ လုပ်ပေးရမှာဖြစ် တယ်။ အဲ့တော့ ဒါတွေက ဒီအစိုးရနဲ့ KIO က တောင်းဆိုတာတွေကို လိုက်လုပ်ပေးဖို့ အနေအထား ရှိသလို၊ သူတို့အနေနဲ့လည်း ထပ်ပြီး ပံ့ပိုး ဖြည့်ဆည်းလုပ်ပေးရမယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်လို့တော့ မစ္စတာ နမ်ဘီယား က ပြောဆိုသွားပါတယ်။ အသေးစိတ်ကိုတော့ အခုအချိန်မှာ သူ့အနေနဲ့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီ မစ္စတာ နမ်ဘီယားတို့ကို IDP တွေရှိရာ စခန်းတွေဆီကို ခေါ်ပြီးတော့ ပြသခဲ့တယ်။ ဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဖြစ်တဲ့ ဦးစိုးသိန်း ကိုလည်း မေးကြည့်ပါတယ်။

"ကျနော်တို့ကတော့ UN က တာဝန်ရှိတဲ့သူရယ်၊ ဟိုဘက်က IDP ပေါ့ဗျာ အဲ့ဒီစခန်းလေး ၄ ခုကို လိုက်ကြည့် တယ်။ သူတို့အနေအထားလေးတွေကို မြင်သွားတော့ ပြောတယ်။ ပြောသင့်ပြောထိုက် တာတွေ ပွင့်ပွင့်လင်းလင်း၊ အလားတူပဲ Civil Society အဖွဲ့တွေနဲ့လည်းတွေ့တယ်။ ပြောသင့်တာတွေ ကိုတော့ အခု ကျနော်တို့ ရှေ့သွားနေတဲ့ ငြိမ်းချမ်းရေးရဲ့ လက်ရှိအခြေအနေနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ရချင်တဲ့ ဆန္ဒ ရှင်းပြတာပေါ့၊ ဒါ သူတို့ အားလုံးလက်ခံပါတယ်။"

"ပွင့်လင်းမြင်သာမှုလည်း ရှိပါတယ်။ ပြည်သူတွေ မျက်နှာ ကြည့်ရတာ၊ IDP က လူတွေရဲ့ မျက်နှာကြည့်ရတာ လန်းဆန်းတယ်။ သူတို့ မျက်နှာတွေ၊ သူတို့ မျက်လုံးတွေ က ငြိမ်းချမ်းရေး လိုချင်ကြတဲ့ ဆန္ဒတွေ ဖော်ပြနေပါတယ်။"

ဒါကတော့ ဒီကနေ့ ခရီးစဉ် ရလဒ်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးစိုးသိန်း က ပြောသွားတာပါ။ ခုနက မစ္စတာ နမ်ဘီယား ကို မေးတဲ့ မေးခွန်းအတိုင်းပါပဲ ထပ်ပြီးတော့ မေးပါတယ် ကျနော်က။ ဒီ KIO နဲ့ အစိုးရကြားက အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေတွေ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ထားရှိရေး၊ ဒီဌာနတွေ ထားရှိရေးနဲ့ပတ်သက်ပြီး ဘယ်လို အစီအစဉ်ရှိပါသလဲလို့ မေးတဲ့အခါမှာ ဦးစိုးသိန်း က အခုလို ပြောပါတယ်။

“အခုတော့ အသေးစိတ် မပြောသေးဘူး။ အကြမ်းဖျဉ်းပဲ။ သူတို့ကလည်း ကူညီပေးနိုင်မယ်။ UN Secretary General အောက်ကပေါ့ ဟိုဟာ မဟုတ်ဘူး။ UN Forces တွေ ဘာတွေ မဟုတ်ဘူး။ သူတို့ ကိုယ်စားလှယ်လေးတွေနဲ့ Civil Society နဲ့ ပေါင်းပြီး လုပ်မယ့်ဟာကို မူအားဖြင့်တော့ ဆွေးနွေးထားတယ်။ နိုင်ငံတော် အကြီးအကဲဆီကို တင်ပြရမှာပေါ့။”

ဒါကတော့ ဒီကနေ့ လားရှိုး လေဆိပ်မှာ တွေ့ဆုံခဲ့ချိန် မစ္စတာ ဗီဂျေး နမ်ဘီယားနဲ့ ဦးစိုးသိန်းတို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။
XS
SM
MD
LG