သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများကို စစ်ပွဲမှ အကာအကွယ်ပေးရေး ကုလအထူးကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံက ကလေးစစ်သားများ။
မြန်မာနိုင်ငံက ကလေးစစ်သားများ။

ကုလသမဂ္ဂ အထွေထွေညီလာခံက ဖွဲ့စည်းပေးထားတဲ့ CAAC လို့ခေါ်တဲ့ ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ပြဌာန်းချက် ပြည့်မှီရေး အဖွဲ့ဝင်နိုင်ငံတွေ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတွင်းရေးမှူးချုပ်ရဲ့ CAAC အထူးကိုယ်စားလှယ်က ချမှတ် ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ပွဲတွေရဲ့ အန္တရာယ်ကနေ ကလေးသူငယ်တွေကို အကာကွယ်ပေးရေး တိုးမြင့် ဆောင်ရွက်နိုင်မယ့် အဆိုပြုချက် ၆ ချက်ကို ၂၀၁၅ ခုနှစ် အစီရင်ခံစာထဲမှာ အထူးကိုယ်စားလှယ် Leila Zerrougui က ထည့်သွင်း ဖော်ပြထားပြီး အဲဒီ အစီရင်ခံစာကို လာမယ့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ ဆိုမားလီးယား စတဲ့နိုင်ငံတွေကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး အစိုးရ အရာရှိတွေ၊ ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်နေသူတွေနဲ့ တခြား သက်ဆိုင်သူတွေရဲ့ တိုက်ရိုက် ထိတွေ့ ပြောဆိုတာ၊ အဲဒီ အဖွဲ့အစည်းတွေက တင်ပြချက်တွေကို အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာမှာတော့ -ကလေးစစ်သားစုဆောင်းမှုနဲ့ အသုံးပြုမှု အဆုံးသတ်ရေး ၂၀၁၂ ခုနှစ်က ရရှိခဲ့တဲ့ သဘောတူညီချက် အကောင်အထည်ဖော်ဆောင်မှု အခြေအနေတွေကို အခုနှစ် ဇူလိုင်လ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိ အထူးကိုယ်စားလှယ်အနေနဲ့ နေပြည်တော်၊ မန္တလေး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့ကို သွားရောက်ပြီး မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ ကေအိုင်အေ၊ ကေအဲန်ယူ၊ ကရင်နီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ကလေးစစ်သား အသုံးပြုမှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ရရှိထားတဲ့ သဘောတူညီချက်အရ မြန်မာ့တပ်မတော်အတွင်းမှာရှိတဲ့ ကလေးစစ်သားတွေ ရာနဲ့ချီပြီး ပြန်လွတ်ပေးခဲ့တာ၊ ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရကြားက ပူးပေါင်း ဆောင်ရွက်မှုအရ စစ်တပ်အဆောက်အဦး အဖွဲ့အစည်းတွေကို ပုံမှန် တိုးမြင့် စစ်ဆေးမှုတွေ လုပ်ဆောင်တာ၊ သင်တန်း ပို့ချတာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုးတက်မှုတွေ တဖက်မှာ ရှိနေပေမယ့်လည်း စစ်တပ်ထဲမှာ ကလေးငယ်တွေ ဆက်ရှိနေတုန်းဖြစ်ပြီး ရှေ့တန်းတွေကိုလည်း ပို့နေတုန်းဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရပ်သားတွေ အကြီးမားဆုံး ထိခိုက် ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ေစေပြီး လူမှုအသိုင်းဝိုင်း အားလုံးနဲ့ တကမ္ဘာလုံးက အမျက်ဒေါသ ထွက်ပေါ်မှုကို ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကလေးငယ်တွေအပေါ် မမျှမတ ထိခိုက်စေသလို တခါတရံမှာ တိုက်ရိုက် ပစ်မှတ်ထား လုပ်ဆောင်တာတွေပါ ရှိတယ်လို့ ၃၄ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကိုတော့ သြဂုတ်လ ၂၀၁၄ ခုနှစ်နဲ့ ဇူလိုင်လ ၂၀၁၅ ခုနှစ်အကြား စစ်တမ်းကောက်ယူပြီး ရေးသားခဲ့တာဖြစ်ပြီး အထွေထွေညီလာခံကို အလားတူ အစီရင်ခံစာ နှစ်စဉ် တင်သွင်းရတာ ဖြစ်ပါတယ်။

XS
SM
MD
LG