သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ ကျူးလွန်ကြောင်း ဖြစ်နိုင်ချေ ကုလတွေ့ရှိ


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၃၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မိန့်ခွန်းပြောကြားနေစဉ်
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၃၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မိန့်ခွန်းပြောကြားနေစဉ်

ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု အဆင့်ထိ ကျူးလွန်နေတဲ့ လက္ခဏာတွေ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ထပ်ပြီး ပြောဆိုလိုက်ပါတယ်။ ဒီကျူးလွန်မှုတွေကို တရားစွဲဆိုနိုင်ဖို့ လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ယန္တရား တရပ်ကို ဖွဲ့စည်းဖို့လည်း တိုက်တွန်းသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အခိုင်အမာ သံသယ ရှိနေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ပြောလိုက်တာပါ။

"ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ရှိကောင်းရှိနေနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက အခိုင်အမာ သံသယ ရှိထားတယ်ဆိုတာကို လူ့အခွင့်အရေး ကောင်စီက သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ပိုင်းတွေ အတွင်း တိုက်ခိုက်ခံရတဲ့၊ လူအစုလိုက် သတ်ဖြတ်မြှပ်နှံခံထားရတယ်လို့ စွပ်စွဲထားကြတဲ့ ရိုဟင်ဂျာ ကျေးရွာတွေကို မြေထိုးစက်တွေနဲ့ ရှင်းလင်းပစ်နေတယ်ဆိုတဲ့ အစီရင်ခံချက်တွေက ကျနော့်အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး။ နိုင်ငံတကာ ရာဇဝတ်မှု အဖြစ် သက်သေဖြစ်နိုင်ခြေတွေကို အာဏာပိုင်တွေက ရည်ရွယ်ချက် ရှိရှိ ဖျက်စီး နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခဲ့တဲ့ မြေတွေကို သိမ်းယူပြီး တခြား မျိုးနွယ်စုတွေနဲ့ အစားထိုး နေရာချထားပေးနေတဲ့ အစီရင်ခံချက်တွေလည်း ရရှိထားပါတယ်။"

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို မြန်မာ အစိုးရ အနေနဲ့ စစ်စစ်မှန်မှန် တာဝန်ယူ လုပ်ဆောင်ဖို့ ပြောဆိုလိုက်သလို ပြစ်မှုကျူးလွန်သူတွေကို ရာဇဝတ်ကြောင်းအရ ဆောင်ရွက်နိုင်ရေး လွတ်လပ်တဲ့ ယန္တရား တရပ် ဖွဲ့စည်းပါလို့လည်း ကုလလူ့အခွင့်အရေး မဟာမင်းကြီးက အကြံပြုလိုက်ပါတယ်။

"ဒီချိုးဖောက်မှုတွေကို အမှန်တကယ် တာဝန်ခံရေးကို အစိုးရ အနေနဲ့ ပိုပြီး ဆောင်ရွက်ရမှာ ဖြစ်သလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား ဖြစ်ရေး အပါအဝင် အခွင့်အရေးတွေကို အပြည့်အ၀ လေးစားရမှာ ဖြစ်ပါတယ်။ အချက်အလက်ရှာ အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို စောင့်ဆိုင်းနေချိန်မှာဘဲ ဒီကိစ္စတွေမှာ တာဝန်ရှိသူတွေကို ခုံရုံးမှာ ရာဇဝတ်ကြောင်းအရ ပြင်ဆင် ဆောင်ရွက်နိုင်မယ့် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ ယန္တရားသစ် တရပ်ကို ဖွဲ့စည်းပေးဖို့လည်း ဒီကောင်စီ အနေနဲ့ တိုက်တွန်းဖို့ ကျနော် ထပ်ပြီး အကြံပြုပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်း သိသိသာသာ ရှင်းလင်းသွားတဲ့အချက်၊ နောက် ရိုဟင်ဂျာတွေ အခြေချ နယ်မြေတွေကို မြေထိုးစက်တွေနဲ့ ရှင်းလင်းနေတယ်ဆိုတဲ့ အချက်တွေကို ထောက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်တဲ့ သက်သေတွေကို အာဏာပိုင်တွေ ရှင်းပစ်နေတဲ့ သဘောလို့လည်း ကုလလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က စွပ်စွဲလိုက်ပါတယ်။

"မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်းရော နောက် ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းနီးပါးတို့ရဲ့ အခြေအနေက အလွန်အမင်း စိုးရိမ်စရာ ဖြစ်နေဆဲပါ။ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်ရဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် နောက်ပိုင်း ဒီသတင်းပတ်မှာ ကြေညာခဲ့သလိုပါဘဲ ရခိုင်ပြည်နယ်တွင်းမှာ မျိုးနွယ်စု အလိုက် ရှင်းလင်းမှု လုပ်နေဆဲလို့ ကျနော့်ရုံး အနေနဲ့လည်း ယုံကြည်ထားပါတယ်။ မောင်တော မြို့နယ်မှာ ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်း သိသိသာသာ လျော့ပါးသွားပြီး တခြား မြို့တွေနဲ့ ရွာတွေမှာလည်း သိပ်ပြီး မပြင်းထန်တဲ့ စနစ်တကျ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို လူတွေ ဆက်ပြီး ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ပြန်ပေးဆွဲမှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေသလို သီးနှံနဲ့ စားနပ်ရိက္ခာ ရရှိခွင့်ကို တရားဝင် ပိတ်ပင်ထားတာနဲ့ အတူ ဒေသတွင်း ငတ်ပြတ်မှုကြီးကြောင့် ရိုဟင်ဂျာတွေ ထွက်သွားစေဖို့ ရည်ရွယ်ချက် ရှိရှိ လုပ်နေပုံလည်း ရှိနေပါတယ်။"

ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစု အလိုက်ရှင်းလင်းမှု စွပ်စွဲချက်တွေကို မြန်မာ့ တပ်မတော်ဘက်က ပယ်ချလိုက်ပြီး မြန်မာ စစ်တပ်ကို ပြစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ဖို့ ဆုံးဖြတ် ပြောဆိုနေကြတဲ့ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ အနေနဲ့ အဖြစ်မှန်ကို မျက်ကွယ်ပြု နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ်မှ ရခိုင်အရေး လက်တွေ့ဆန်တဲ့ တိုးတက်မှု ဖြစ်လာမယ်လို့လည်း တပ်မတော်က ပြောဆိုတုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG