သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မကျ


ဆီးရီးယားအရေး လုံခြုံရေးကောင်စီ စည်းဝေးနေကြစဉ်။
ဆီးရီးယားအရေး လုံခြုံရေးကောင်စီ စည်းဝေးနေကြစဉ်။
ဆီးရီးယား ပြဿနာနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်ကတည်းက ဘာမှမဆွေးနွေးနိုင်ပဲ ဖြစ်နေတာမို့ အခုလည်း ဒီပြဿနာကို လုံခြုံရေးကောင်စီကို တင်မယ် ဆိုရင် ရှေ့ဆက်တိုးနိုင် စရာလမ်းမမြင်ဘူးလို့ ကုသလမဂ္ဂရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ကိစ္စမှာ အမေရိကန်သမ္မတ Barack Obama အတွက် ပထမဆုံး ခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ရမယ်လို့ တွက်ထားကြတဲ့ အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီကနေ ခွင့်ပြုချက်ရ လိုက်ပြီးတဲ့ နောက်တနေ့မှာပဲ သံအမတ်ကြီးက အခုလိုပြောဆိုလိုက်တာလို့ ကုလသမဂ္ဂက VOA သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှာအယ်လ်အာဆတ်က သူ့ပြည်သူတွေကို သြဂုတ်လ ၂၃ရက်နေ့တုန်းက ဓာတုလက်နက်နဲ့တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ယုံကြည်တာမို့ အရေးယူဖို့ အမေရိကန်ရဲ့ တချို့မဟာမိတ်တွေနဲ့ သမ္မတအိုဘားမားက အစီအစဉ်တွေ ချဖို့ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Samantha Power က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၁၁ခုနှစ်ကတည်းက ဆီးရီးယားကို အရေးယူဖို့ အတွက် ၁၅နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးတိုင်းမှာ တင်ပြခဲ့တာဖြစ်ပြီး ဒါကို အဓိက ရုရှနိုင်ငံကနေ တားဆီးတာကို ခံခဲ့ရတယ်ဆိုပြီး မစ္စစ်ပါဝါက သတင်းထောက်တွေကို ပြောပါတယ်။ ကုလသမဂ္ဂရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းအနေနဲ့ ကိုယ်ပိုင်ရပ်တည်ချက်ရှိသင့်သလို လုပ်ဆောင်မှုလည်း ရှိသင့်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားပေမဲ့ ဒီကုလသမဂ္ဂလုံခြုံရေးကောင်စီအတွက် ကျနတဲ့ စနစ်တခု မရှိဘဲဖြစ်နေတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

"အခုတော့ လုံခြုံရေးကောင်စီရဲ့ စနစ်ဟာ ရုရှားအစိုးရရဲ့ ရပိုင်ခွင့်တွေကို အကာကွယ်ပေးထားတာ ဖြစ်နေပါတယ်။ ဆီးရီးယားမှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှုးတွေ ဓါတုလက်နက်ကိစ္စစုံစမ်းဖို့ ရောက်နေချိန်မှာပဲ ဓါတုလက်နက်နဲ့ နှစ်ပေါင်းအစိတ်အတွင်း ကမ္ဘာမှာအဆိုးဝါးဆုံး အတိုက်ခိုက်ခံခဲ့ရတာကို အာဏာရှင်အားပေး ဖြစ်တဲ့ ရုရှားက မျက်နှာပြောင်တိုက်ပြီး ထောက်ခံနေတာ တွေ့ရပါတယ်။"

အမေရိကန်နဲ့ ရုရှနှစ်နိုင်ငံကြားမှာ ဆက်ဆံရေးတင်းမာမှုတွေ တိုးလာနေချိန်မှာပဲ သံအမတ်ကြီး ပါဝါက ရုရှအစိုးရကို အခုလိုစွတ်စွဲလိုက်တာဖြစ်ပါတယ်။ ရုရှဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တန်ဆာခံအဖြစ် ထားပြီး ဓာတုလက်နက်သုံးစွဲဖို့ တားမြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေသည့်တိုင် နိုင်ငံတကာကနေ တာဝန်သိသိ တုန့်ပြန်ရမယ့် ကိစ္စမျိုးကို သေးသိမ်အောင်လုပ်နေတယ်လို့လည်း ပြောပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ်အိုးဘားမားဟာ ရုရှနိုင်ငံ စိန့်ပီတာစဘတ်စ်မြို့မှာ စက်မှုထိပ်သီး နိုင်ငံ ၂၀ရဲ့ အစည်းအဝေးကို တက်ရောက်နေတာပါ။ ဒီအစည်းအဝေးတက်ရောက်ဖို့ သွားနေစဉ်အတွင်း ရုရှသမ္မတ ဘလာဒီမီယာပူတင်နဲ့ တစ်ဦးချင်း တွေ့ဆုံမယ့် အစီအစဉ်ကို အခုထိ မလုပ်သေးသလို အစည်းအဝေး အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ် ဦး တွေ့ဆုံကြတဲ့ ပုံတွေကိုကြည့်ရင်လည်း သူတို့ရဲ့ ဆက်ဆံရေး ဟာ နွေးနွေးထွေးထွေး မရှိလှပါဘူး။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာလည်း ဒီ G20 ထိပ်သီးအစည်းအဝေးကို သူ့ရဲ့ ဆီးရီးယားနိုင်ငံ အထူးသံတမန် Lakhdar Brahimi လဗ်တာဘရာဟီမီနဲ့ အတူ တက်ရောက်နေတာပါ။ အခုဆီးရီးယားမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဆီးရီးယားက ဆိုးဝါးလှတဲ့ လူသားချင်းစာနာမှုအခြေအနေတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဆီးရီးယားပြဿနာ ကို ဆွေးနွေးသင့်တယ်လို့ လည်း ပြောပါတယ်။

"ဒီပြဿနာတွေ တင်ပြနိုင်ဖို့အတွက် ဂျနီဗာမှာ ဒုတိယအကြိမ်တွေ့ဆုံမှုတွေ စောစောစီးစီး ကျင်းပနိုင်အောင် တိုက်တွန်းဖို့ အခု St. Petersburg အစည်းဝေးပွဲကို အထူးသံတမန် Lakhdar Brahimi ပါ အတူတက်ဖို့ ကျွန်တော်ခေါ်ခဲ့တာပါ။ စစ်ရေးအရဖြေရှင်းတာမျိုး မရှိစေပဲ နိုင်ငံရေးအရသာ အဖြေရှာဖို့ လုပ်ရမှာဖြစ်ပြီး ဒီလိုလုပ်မှ အခုလို သွေးထက်သံယိုဖြစ်ရတာမျိုးတွေ ရပ်သွားပြီး ငြိမ်းချမ်းမှုကို ရမှာပါ။"

အခုလိုဆိုးဝါးတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဂျနီဗာမှာ ဆီးရီးယားအတွက် ဆွေးနွေးဖို့ လာကြပါလို့ ဖိတ်ခေါ် တဲ့အခါ လူစုဖို့တောင် တော်တော်ခက်ခဲလိမ့်မယ်လို့ သံအမတ်ကြီး ပါဝါက ပြောပါတယ်။ သြဂုတ်လ ၂၁ရက်နေ့ တိုက်ခိုက်မှုအတွက် စစ်ရေးအရ တုန့်ပြန်တယ်ဆိုတာဟာ ဆီးရီးယားပြဿနာကို စစ်ရေးအရဖြေရှင်းဖို့ အကြံပေးတာမျိုးမဟုတ်သလို ဆီးရီးယားပြဿနာ ရေရှည်အတွက် အဖြေရှာတဲ့နေရာမှာ စစ်ရေးနဲ့ရှာလို့ရမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ရုရှသမ္မတပူတင်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်မရပဲ အနောက်နိုင်ငံတွေက စစ်ရေးအရဝင်ပြီးတိုက်တာမျိုးကို လက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပြီး တကယ်လို့ ဒမတ်စကပ်မှာ ဓာတုလက်နက်သုံးပြီးတိုက်ခိုက်ကြောင်း သက်သေပြနိုင်မယ်ဆိုရင်တော့ သူပါဝင်ပြီး တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

သမ္မတအိမ်ဖြူတော်အကြံပေး ဘမ်ရို့စ်ကတော့ ရုရှသမ္မတနဲ့ အမေရိကန်သမ္မတတို့ နှစ်ဦးချင်း သီးခြားတွေ့ဆုံဖို့ အစီအစဉ်ကိုအခုထက်ထိ မလုပ်သေးပေမယ့် အစည်းအဝေးရဲ့ ဘေးပန်းမှာ သီးခြားတွေ့ဆုံတဲ့ အခွင့်အရေးမျိုး ရချင်ရလာနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ အမေရိကန်နိုင်ငံက ရုရှကို ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ရုရှနိုင်ငံ ဟာ ဆီးရီးယားရဲ့ မဟာမိတ်ဖြစ်ပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး က ဆီးရီးယားပြဿနာကို တင်ပြဖို့အတွက် ရုရှနိုင်ငံကို တနင်္လာနေ့မှာ သွားရောက်ခဲ့တယ်လို့ ရုရှကပြောပါတယ်။

ဆီးရီးယားက အာဆတ်အစိုးရကို အရေးယူဖို့အတွက် ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချရမှာ ရုရှနဲ့ တရုတ်နိုင်ငံတွေက သုံးကြိမ်တိုင်တိုင် ဗီတိုအာဏာသုံး ပယ်ချခဲ့ကြတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာလည်း ရှေ့သီတင်းပတ်ထဲမှာ အီးယူဥရောပသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယားအရေး ဆွေးနွေးဖို့အတွက် ဥရောပကို သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG