ဆီးရီးယားမှာ ဓါတုလက်နက်တွေသုံး မသုံး ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့
စုံစမ်းမှု မပြီးသေးခင်မှာ ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူမှုတွေ မလုပ်ကြဖို့
ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က
တိုက်တွန်း လိုက်ပါတယ်။ စနေနေ့မှာ ဆီးရီးယားကပြန်လာမဲ့
ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့တွေဆီက စုံစမ်းတွေ့ရှိမှု အစီရင်ခံချက်ကို
သူရရှိ မှာဖြစ်တယ်လို့ Mr. Ban Ki Moon က ဒီကနေ့ ကြာသပတေးနေ့မှာ
ပြောပါတယ်။
ဆီးရီးယားအရပ်သားတွေအပေါ် ဆီးရီးယားအစိုးရက ဓါတုလက်နက်တွေ အသုံးပြု တိုက်ခိုက်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် အမေရိကန်နဲ့ အနောက် အင်အားကြီး နိုင်ငံတွေက တုံ့ပြန်ဖို့ စဉ်းစားနေကြချိန်မှာပဲ သံတမန်ရေး နဲ့ ဖြေရှင်းတဲ့ နည်းကို အခွင့်အလမ်းပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ပြောလိုက်တာပါ။ ဆီးရီးယားမှာ ရောက်နေတဲ့ ကုလသမဂ္ဂ စုံစမ်းရေးမှုးတွေကတော့ တတိယမြောက်နေ့အဖြစ် စုံစမ်းဖို့အတွက် Damascus မြို့ ကနေ ယာဉ်တန်းတွေနဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။