သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရောက် ကုလ လုံခြုံရေးအဖွဲ့ ပစ်ခတ်ခံရ


Douma မြို့က ယံသယ ဖြစ်ဖွယ် ဓါတုလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦများ
Douma မြို့က ယံသယ ဖြစ်ဖွယ် ဓါတုလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦများ

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိနေကြတဲ့ Douma မြို့အခြေအနေကို ထောက်လှမ်းဖို့သွားတဲ့ ကုလသမဂ္ဂ အဖွဲ့တဖွဲ့ကို ပစ်ခတ်ခံခဲ့ရကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘဲ ဒမတ်စကတ်မြို့တော်ကို ပြန်လာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒီလဆန်းပိုင်းတုန်းက လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အသုံးပြုခဲ့မှု ရှိ-မရှိ ဆိုတာကို စုံစမ်းစစ်ဆေးမယ့် ဓာတုလက်နက် တားဆီးရေး နိုင်ငံတကာအဖွဲ့ (OPCW) ကတော့ Douma မြို့ကို ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရဆဲပါ။ နိုင်ငံတကာက ကျွမ်းကျင်သူတွေ အခင်းဖြစ်ရာ နယ်မြေကို ရောက်-မရောက် မနေ့တုန်းကလည်း ရှုတ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ OPCW ရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ Douma မြို့ကို ရောက်လာခဲ့ကြောင်း၊ ဆီးရီးယားအစိုးရ ရုပ်မြင်သံကြားဌာနနဲ့ သံခမောက်ဖြူ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက မနေ့တုန်းက သီးခြားစီ အတည်ပြုပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Heather Nauert ကတော့ အချက်အလက် ရှာဖွေရေးအဖွဲ့ မြို့ထဲကို မရောက်သေးဘူးလို့ နားလည်ထားကြောင်း ပြောဆိုခဲ့ပြီး မနေ့တုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို ပယ်ချခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် ထုတ်လုပ်မှုနဲ့ ဆက်နွယ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ စနေနေ့မှာပဲ OPCW အဖွဲ့က စုံစမ်းစစ်ဆေးသူတွေ ရောက်လာခဲ့တာပါ။

ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့တော်အနီးက Douma မြို့မှာ ဒီလ ၇ ရက်နေ့က ဓာတုအဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သံသယရှိနေတဲ့ နေရာကို သွားရောက်စစ်ဆေးဖို့ စုံစမ်းစစ်ဆေးသူတွေကို အစောပိုင်းမှာ ခွင့်မပြုခဲ့ပါဘူး။ စုံစမ်းစစ်ဆေးသူတွေရဲ့ လုပ်ငန်းတွေ ပိုမိုခက်ခဲအောင် Douma မြို့က တိုက်ခိုက်မှုဖြစ်တဲ့ နေရာကို သွားရောက်စုံစမ်းမယ့်အဖွဲ့ကို ရုရှားက ဟန့်တားဖု့ိ ကြိုးစားနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့တာပါ။ ရုရှားဘက်ကတော့ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ရဲ့ ခရီးစဉ်ကြန့်ကြာမှုအတွက် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ ပူးတွဲလေကြောင်း တိုက်ခိုက်မှုတွေအပေါ်မှာ အပြစ်ဖို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG