သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ အရေး လူမှုအဖွဲ့များ ကုလမှာ တွန်းအားပေး


နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်
နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်

ကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို အထူးစောင့်ကြည့်နေတဲ့ နိုင်ငံတခု အနေနဲ့ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ်နေတဲ့ အနေအထား ပယ်ဖျက်ဖို့ အချိန်ရောက်နေပြီ လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ မှာပြောဆိုသွားပေမဲ့ မြန်မာလူထု အခြေပြုအဖွဲ့အစည်းတွေ ကတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဟာ နောက်ကြောင်းပြန်လှည့်တဲ့ အခြေအနေဖြစ်နေတယ်လို့ သက်ဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို တင်ပြခဲ့ကြ ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂကိုရောက်ရှိနေတဲ့ Women Peace Network Arakan ရဲ့တာဝန်ခံ မဝေေ၀နုကိုမေးကြည့်တော့

"ကျမတို့အခုတွေ့တာက အဓိက ကတော့ UN Mission တွေပေါ့နော် နိုင်ငံတကာ UN Missionsတွေ အထူးသဖြင့် EU တို့ နောက်ပြီးတော့ ဒီအခြားအပြင် Member အဖွဲ့ဝင်တွေ အထူးသဖြင့်ဒီ Third Committee Member ဝင်တွေပေါ့နော် မြန်မာပြည် အတွက် Resolutions ရေးတဲ့ အဖွဲ့တွေနဲ့ ကျမတို့ ဆွေးနွေးတင်ပြဖြစ်ပါတယ်"

မေး။ ။ ဟုတ်ကဲ့ရှင့် အဲလိုမျိုး ဒီနှစ်လာရောက် တွေ့ဆုံတဲ့အခါမှာ မြန်မာ့အရေးနဲ့ ပါတ်သက်ပြီးတော့ သူတို့ရဲ့ တုံ့ပြန်ချက်တွေ ဘယ်လိုတွေ့ရသလဲရှင့်။

"ကျမတို့အခု တွေ့ဆုံဆွေးနွေးသလောက်ဆိုရင် နိုင်ငံတော်တော် များများ ကမြန်မာပြည် ဟာ ပြောင်းလဲနေပြီ ဆိုတဲ့ဟာလောက်ကိုပဲ သိထား တယ်ပေါ့။ နောက် ဒီအပေါ်မှာ အားရ ကျေနပ်မှုရှိတယ်ပေါ့နော်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေကလည်း ဥပမာ EU တို့ US တို့ဘာတို့ သူတို့တွေကလည်း တစ်ချို့နေရာတွေမှာ တချို့အပိုင်းတွေမှာ ဆိုးဝါးလာနေတာကိုလည်း သူတို့ အသိအမှတ်ပြုပါတယ်။ အဲဒီအပေါ်မှာ သူတို့ အလေးထားပြီး လက်ခံဆွေးနွေးတာကိုလည်း သူတို့တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း သူတို့နဲ့ တွေ့ဆုံဆွေးနွေးရတာ အားရကျေနပ်မှုရှိပါတယ်။ အဓိက ကတော့ ကျမတို့ လိုချင်တဲ့ ပွိုင့်က ကျမတို့ တကယ်ပဲ ဒီမိုကရေစီကို သွားနိုင်ဖို့ အဓိက ဒါကိုပဲ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။"

အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဟာ မြန်မာနိုင်ငံ မှာ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ဘယ်လို အပြောင်း အလဲတွေဖြစ်လာလဲ ဆိုတဲ့ အချက်တွေကို ပိုပြီးစိတ်ဝင်စား တာတွေ့ရတဲ့ အပြင် ၂၀၁၂ခုနှစ်နောက်ပိုင်း အခြေအနေတွေ ဆိုးလာတဲ့အပေါ်မှာလည်း စိတ်ဝင်တစားမေးမြန်းခဲ့တယ်လို့ CCTU အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (နိုင်ငံခြားရေးရာ) တာဝန်ခံ ကိုဇာနည်ကပြောပါတယ်။

"သူတို့အရမ်းအံ့ဩတယ်ပေါ့နော် ဒီလို အကျဉ်းသား (၃) ထောင်ကျော်လွှတ်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားက (၁) ယောက်ပဲပါတာ အဲ့ဒါကိုပဲ သူတို့ အရမ်းအံ့ဩ တယ်။ ပြီးတော့ ကျနော်ပြောခဲ့တဲ့ဥစ္စာတွေက လယ်ယာမြေတွေ လိုအပ်တာထက် ပိုပြီး သိမ်းထားတယ်။ ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင် ပြောပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ပြန်ပေးပါ့မယ်လို့ ကတိပေးပြီး တဲ့ နောက်ပိုင်း မှာ လယ်သမားတွေ ၃၀၀ လောက် အဖမ်းခံလိုက်ရ တယ်ပေါ့နော်။ ဒီဟာတွေက တကယ့်ကို သူတို့ပြောတဲ့စကား နဲ့ လက်တွေ့ တကယ်ဖြစ်နေတဲ့ လက်တွေ့ အောက်ခြေက အခြေအနေလေးတွေက တော်တော်လေးကို ကွာဟချက်တွေရှိနေတယ်ဆိုတာ ကျနော်က ယှဉ်ထိုးပြတာပါ။"

မေး။ ။ အဲဒီတော့ ကိုဇာနည် အနေနဲ့ဘယ်လိုသုံးသပ်လဲရှင့်။ ဒီ အခုလို ကုလသမဂ္ဂမှာ ကိုယ်တိုင် လာပြီးတော့ ဆွေးနွေးတင်ပြတဲ့အခါ ဒီ မြန်မာ့အရေး ဘက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းဖက်က ဘယ်လိုဆက်ဆံသွားမယ်ဆိုတဲ့ အနေအထားပေါ့လေ။ အဓိက က ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍပါရှင့်။

"ကျနော်တို့အဓိက တွေ့တာတော့ UN Mission တွေ အဓိက ဦးစားပေးပြီး တွေ့ တာပေါ့နော်။ ဒီ UN Mission တွေ ဦးစားပေးပြီးတွေ့တဲ့ အခါကျတော့ သူတို့အနေနဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အပေါ်မှာ သူတို့အနေနဲ့ မြန်မာနိုင်ငံရေးကို ဆုံးဖြတ်တဲ့နေရာမှာ အချက်အလက် တိတိကျကျ တွေ့ချင်တာ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ လိုအပ်တာကို အသေအချာပြောပြနိုင်ခဲ့တယ်လို့ ကျနော်တို့ ကိုယ် ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ အဲဒီတော့ ဒီပြောပြချက်တွေ အင်ဖော်မေးရှင်းတွေ အချက်အလက်တွေအပေါ်မှာ သူတို့အနေနဲ့ ဒီလာမယ့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေအပေါ်မှာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ကို သူတို့လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တတိယကော်မတီကို တင်သွင်းတဲ့ မြန်မာ့ အရေး ဒီနှစ် အစီရင်ခံစာမှာလည်း တိုင်းရင်းသားရေး ပဋိပက္ခတွေနဲ့ ဘာသာရေးတင်းမာမှုတွေကို သူ့အနေနဲ့ အထူးစိုးရိမ်မိကြောင်း ဖေါ်ပြထားပါတယ်။

တတိယကော်မတီဟာ လူ့အခွင့်အရေးကို အဓိက ထားလေ့လာတဲ့ကော်မတီဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို ဆုံးဖြတ်ချက်တွေ တင်သွင်းဖို့ နှစ်စဉ်အောက်တို ဘာလ နှောင်းပိုင်းမှာ ကော်မတီ ဝင်နိုင်ငံကိုယ်စားလှယ်တွေ အစည်း အဝေးပြုလုပ်လေ့ ရှိပါတယ်။

ဒီအစည်းအဝေး မတိုင်ခင် မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေက ကုလသမဂ္ဂ တတိယကော်မတီကို နှစ်စဉ်သွားရောက်တွေ့ဆုံဆွေးနွေးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ လယ်ယာမြေပြဿ နာ၊ အလုပ်သမားအခွင့်အရေး၊ တိုင်းရင်းသားဒေသတွေက ပဋိပက္ခ တိုက်ပွဲတွေအတွက် Women Peace Network Arakan ၊ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ CCTU အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ က ကိုယ်စားလှယ်တွေ သွားရောက်ပြီး ကုလသမဂ္ဂမှာ တပတ်ကြာဆွေးနွေးတင်ပြခဲ့တာပါ။

XS
SM
MD
LG