သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလို့ ကုလသမဂ္ဂ ဆက်သုံးမည်


ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲမှု မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြ။
ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲမှု မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြ။

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ဆက်လက် သုံးစွဲသွားမှာဖြစ်သလို ဒီလူ့အဖွဲ့အစည်းအသိုင်းအဝိုင်းနဲ့ပတ်သက်လို့ လူသားချင်းစာနာမှု ဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း ကုလသမဂ္ဂအနေနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း ကုလအတွင်းရေးမှုးချုပ်ရုံးကပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ NLD နာယကဦးတင်ဦးကတော့ စိန်ခေါ်မှုတွေအများကြီးရင် ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သတိထား သုံးနှုံးပြောဆိုဖို့လိုကြောင်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုတွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်မှုအပေါ် အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက ဒီသတင်းပတ်တွေ အတွင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဒီအခေါ်အဝေါ်ကို ဆက်လက် သုံးစွဲသွား မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလူ့အသိုင်းအဝိုင်းကို လူသားချင်းဆိုင်ရာ အကူအညီတွေ ကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာဖြစ်ပြီး အခုချိန်မှ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကို ပြောင်းပြီး အခြားအမည်ခေါ်ဖို့ အကြောင်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။

"ဒီအသုံးအနှုန်းကို ဒီလိုအခြေအနေတွေ မတိုင်ခင် အရင်ကတည်းက သုံးနှုန်းခဲ့တာပါ။ ဒါကြောင့် ဒီအခေါ်အဝေါ်ကို ရှောင်လွဲှဖို့ အကြောင်းလဲမရှိပါဘူး။"

VOA။ ။ မြန်မာအစိုးရဘက်ကရော ဒီရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကိုရှောင်လွဲှဖို့ ကုလသမဂ္ဂကို မေတ္တာရပ်ခံထားရော ရှိပါသလားရှင့်

"အစိုးရဘက်က ဒီလိုမျိုးမေတ္တာရပ်ခံတယ်ဆိုတာမျိုးတော့ ကျမ မသိပါဘူး။ ဒါပေမဲ့လို့ ဒီအခေါ်အဝေါ်ကို ကျမတို့အရင်ကတည်းကသုံးနှုန်းခဲ့တာဖြစ်တဲ့အပြင် ဒီလူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေ ကို ကုလသမဂ္ဂအနေနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။"

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရဲ့အခြေအနေကိုနားလည်သင့်ပြီး ဒီအကြပ်အတည်းပြသနာနဲ့ ပတ်သက်လို့ သတိထားသုံးနှုံးဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့ ကိစ္စ စကားကတော့ အခုအချိန်အခါမှာ တဖက်နဲ့တဖက် စကားလုံး သုံးခြင်းအားဖြင့်ပေါ့နော် ဒါ ပိုပြီးတော့ ငြိမ်းချမ်းရေးဖြစ်မယ့်ကိစ္စမှာ အနှောင့်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ အထူးသဖြင့်ကတော့ အမေရိကန်အစိုးရတာဝန်ရှိတဲ့ သံအမတ် ဆိုတော့ ဒါဟာ အစိုးရပေါ့။ သူတို့ရဲ့ ရပ်တည်မှုတွေကို ပြောတဲ့အခါကျတော့ နည်းနည်း ဘဝင်မကျ စရာလေးတွေ ဖြစ်လာတာပေါ့။ အဲ့တာတွေကတော့ ဒီလိုပြောမယ့် ဆိုမယ့်ဟာတွေ လုပ်မယ့်အစားထက်တော့ စကားတွေ ဘာတွေကို တတ်နိုင်သမျှ တဘက်နဲ့တဘက် ပိုမိုပြီးတော့ အငြင်းပွားမယ့် ပိုပြီးတော့ ထိလွယ်ရှလွယ် နောက်ပြီးတော့ စိတ်တွေမှာ အနှောင့်အယှက်ဖြစ်ဖွယ်ရာ စကားတွေကို ပြောတာဆိုတာ နဲ့ပတ်သက်ပြီးတော့ မပြောတာကောင်းမယ်လို့ထင်တယ်ပေါ့ဗျာ။"

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ သတိထားကြဖို့နဲ့ အကျပ်အတည်းတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို မျှမျှတတမြင်ကြည့်ဖို့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မေလ (၁၁)ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာတိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ကြေညာပေးဖို့ အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG