သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို အကူအညီပြန်ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky (ယာဘက်၊)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky (ယာဘက်၊)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ပြန်ပေးခွင့်ပြုဖို့ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကူအညီတွေသာ ဆက်ပေးလို့ မရဘူးဆိုရင် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ကြီးမားတဲ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့လည်း ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက သတိပေးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox Bazar ဒေသမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO သုံးခုကို သူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေး နေ့မှာ ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

သြဂုတ်လ ၇ ရက်၊ အင်္ဂါနေ့မှာတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ Action Against Hunger နဲ့ Muslim Aid UK အဖွဲ့တွေရဲ့ အကူအညီပေး လုပ်ငန်းတွေကို ပြန်လုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြပြီး တရားဝင် မှတ်ပုံတင် မထားရသေးတဲ့ လူ ၄၀,၀၀၀ လောက်အတွက် အကူအညီတွေ ဆက်ပေးခွင့်ပြုဖို့ UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြားထားပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင်န် နီဆားကီး (Martin Nesirky) က သြဂုတ်လ ၇ ရက်နေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ရဲ့ တိုက်တွန်းချက် ကို ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဲဒီညွှန်ကြားချက်အတိုင်းသာ လိုက်နာရမယ်ဆိုရင်တော့ Leda နဲ့ Kutupalong ဒေသတွေက ဖြစ်သလိုဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြတဲ့ မကြာသေး ခင်နှစ်တွေအတွင်း မြန်မာနိုင်ငံကနေထွက်ပြေးသွားကြသူ လူပေါင်း ၄၀,၀၀၀ လောက်ဟာ ဆိုးရွားတဲ့ လူသား ဘေးဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပါမယ်လို့ UNHCR ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ အေဒရီယန် အက်ဒွပ်ဒ်စ် (Adrian Edwards) ကလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် NGO တွေဆီကနေ အခြေခံ ဝန်ဆောင်မှုတွေကို ရနေတဲ့ အဲဒီစခန်းတွေနဲ့ အနီးအနား မှာ နေထိုင်ကြတဲ့ ဒေသခံတွေ အပေါ်မှာလည်း သက်ရောက်မှုရှိလိမ့်မယ်လို့ အေဒရီယန်က ဆိုပါ တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြန်စဉ်းစားဖို့ UNHCR က တိုက်တွန်းပါတယ်။

“နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့လူတွေအပေါ် နွေးထွေးစွာ ကြိုဆို အကူအညီပေးခဲ့တဲ့ အစဉ်အလာအတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားဖို့ ဒုက္ခသည်အေဂျင်စီက တိုက်တွန်းထားပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီးပါ။

နိုင်ငံတကာ NGO တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတာဟာ သူတို့ကိုခွင့်ပြု ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန် လုပ်ဆောင်နေသလို သူတို့ လုပ်ရပ်တွေက နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီး ထွက်ပြေးလာအောင် အားပေးသလိုဖြစ်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ၊ NGO ရေးရာဆိုင်ရာဌာနကနေ NGO သုံးဖွဲ့ဆီ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အကူအညီ ပေးနေတာတွေကို ရပ်ပစ်ပါလို့ ညွှွန်ကြားခဲ့တာပါ။

အခု ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အိမ်မီးရှို့တာတွေ ထပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ လည်း UNHCR အနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်နေတယ်လို့ မစ္စတာ နီဆားကီးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ အဓိကရုဏ်းတွေကြောင့် ဘေးဒဏ်သင့်ရသူ လူပေါင်း ၄၀,၀၀၀ ကျော် အတွက် ပလပ်စတစ် အခင်းတွေ၊ စောင်တွေ၊ ဖျာတွေ၊ ခြင်ထောင်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို UNHCR က အကူအညီပေးခဲ့တယ်လို့ ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာ အကူအညီတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဘက် ရောက်တဲ့အချိန်တုန်းကတော့ ဒေသခံတချို့က ကုလသမဂ္ဂအလိုမရှိဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြတာကို ကြုံခဲ့ရပါတယ်။
XS
SM
MD
LG