သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေးထိုး လုပ်ငန်းပြန်စရေး ကိုးကန့်ဒေသအပစ်ရပ်ဖို့ ကုလတိုက်တွန်း


စစ်ဖြစ်နေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ကုလ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က ပြောလိုက်ပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ စစ်ပွဲကို ဖန်တီးခဲ့ကြသူတွေအားလုံး ယာယီ အပစ်အခတ် ရပ်စဲပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးပါမယ်ရှင်။

မြန်မာနိုင်ငံတွင်းက ကလေးငယ်ပေါင်း ၁၇ သန်းအတွက် ဝက်သက်နဲ့ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးပေးနေတာမှာ ကလေးငယ် ၉၅ % အောင်မြင်စွာ ကာကွယ်ဆေးထိုး ဆေးတိုက်နိုင်ခဲ့ပြီဖြစ်ပေမယ့် စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသက ကလေးငယ်တွေ ကျန်နေသေးတယ်လို့ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO နဲ့ ကုလ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့က ပြောလိုက်ပါတယ်။ စစ်ဒဏ်ခံနေရတဲ့ အရပ်သားတွေအတွက်လည်း စိုးရိမ်ရတယ်လို့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ Bertrand Bainvel က ပြောပါတယ်။

“အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် စစ်ဒဏ်ခံနေရတဲ့ အရပ်သားတွေအားလုံး စစ်ဖြစ်နေစဉ် အတောအတွင်းမှာ အရေးပါတဲ့ အခြေခံ ဝန်ဆောင်မှုတွေမရမှာကိုကျနော်တို့ စိုးရိမ်ပါတယ်။ အခြေအနေတွေကို မကြာခင်မှာ ပြန်လည်ထိန်းသိမ်းနိုင်ပြီး ကျန်နေတဲ့ ကလေး ၃၅ % ကို ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းကို ကျနော်တို့ ပြန်စနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျေးရွာပေါင်း ၁၃၄ ရွာထဲက ကျေးရွာ ၁၁ ရွာက ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ ကျန်နေသေးပြီး လောက်ကိုင်မြို့ပေါ်က ရပ်ကွက်တခုလည်း ကာကွယ်ဆေးထိုးဖို့ ကျန်နေသေးတယ်လို့လည်း UNICEF က ပြောပါတယ်။ စစ်ဖြစ်နေတဲ့ ဒေသတွင်း အချက်အလက်တွေ ကောက်ယူဖို့လည်း ခက်ခဲတာကြောင့် ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့ ကလေးငယ်အရေအတွက် အတိအကျကိုလည်း မသိနိုင်ဘူးလို့ မစ္စတာ Bainvel က ပြောပါတယ်။

“ကလေးငယ် ဘယ်လောက် ရှိနေသလဲ ဆိုတာကတော့ သိဖို့ခက်ပါတယ်။ ကျနော်တို့ အချက်အလက်တွေ ရဖို့လည်း ခက်ပါတယ်။ ဒါပေမယ့် ဒီဒေသမှာ အမျိုးသမီးနဲ့ ကလေးငယ်အရေအတွက် အချိုးအစားကိုကြည့်ရင် အချိုးအစား အတော်များတာကို တွေ့ရမှာပါ။ စစ်ရှောင်ထွက်ပြေးကြရသူတွေထဲက ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ အရပ်သား တချို့ကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်နေကြဆဲပါ။”

မငြိမ်းချမ်းတဲ့ လောက်ကိုင်မြို့ကိုတော့ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကျန်းမာရေး စောင့်ရှောက်ရေးနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေ စေလွှတ်နိုင်ခြင်းလည်း မရှိသေးတဲ့အကြောင်း မစ္စတာ Bainvel က ပြောပါတယ်။

“အခုတော့ ကျနော်တို့ ရနိုင်သမျှ အချက်အလက်တွေကို စုဆောင်းနေပါတယ်။ အထူးသဖြင့် ဒီဒေသမှာ ကလေးငယ် ဘယ်နှစ်ယောက်နေလဲ၊ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လို အခြေခံဝန်ဆောင်မှုတွေ လုပ်ပေးဖို့ လိုအပ်မလဲ ဆိုတာတွေကိုပါ။ အခုအချိန်ထိတော့ ကျနော်တို့အနေနဲ့ လောက်ကိုင် ဒေသမှာ အထောက်အကူတွေ မပေးနိုင်သေးပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒေသတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထောက်အကူပေးနိုင်ဖို့ဘယ်လို အခြေအနေတွေ ရှိလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။”

ဒါ့အပြင် ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ အပစ်ရပ်ကြဖို့ကိုလည်း ပါဝင်ကြသူတွေအားလုံးကို တောင်းဆိုတယ်လို့လည်း UNICEF ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က ပြောဆိုသွားပါတယ်။

“ကာကွယ်ဆေးထိုးလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည် လုပ်ဆောင်နိုင်ဖို့ ဒီအခြေအနေတွေကိုဖြစ်စေခဲ့ကြတဲ့ ပါဝင်ပတ်သက်သူအားလုံးကို ကျနော်တို့ တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်နေသေးတဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့က သိပ်အရေးကြီးပါတယ်။ ဒါကြောင့်လည်း ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးကို ပြောချင်တာကတော့ တခြား ဒီလို စစ်ရေးပဋိပက္ခ ဖြစ်တဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်ပေးနိုင်ဖို့ ယာယီ အပစ်အခတ် ရပ်စဲပေးနိုင်ပါတယ် ဆိုတာပါ။ ကလေးငယ်တွေ ကာကွယ်ဆေး ထိုးခွင့်ရရေးအတွက် တိုက်ခိုက်နေကြတဲ့ ဘက်အားလုံးကနေ ယာယီ အပစ်အခတ် ရပ်စဲရေးကို မဖြစ်မနေ ဖန်တီးပေးရပါမယ်။”

ဒီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေ စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ မနေ့ တနလာၤနေ့အထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေဆဲဖြစ်ပြီး ကိုးကန့် လက်နက်ကိုင်တပ် MNDAA ဘက်ကရော မြန်မာအစိုးရရဲ့ တပ်ဘက်ကပါ အကျအဆုံး အထိအခိုက်တွေ ရှိခဲ့တာပါ။ မနေ့က နောက်ဆုံး အခြေအနေတွေကိုတော့ MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“မနေ့တုန်းကစစ်ပွဲဖြစ်တာကတော့ မနက် (၆) နာရီကနေ ညနေ (၅) နာရီအထိ၊ ဒါပေမယ့် အဲဒါက ရင်ဆိုင်တိုက်ပွဲပါ။ သူတို့က ရွာသွားပြီးတော့ ဒုက္ခပေးမယ်ဆိုတာ ကျနော်တို့ကြားတော့ ကျနော်တို့ တပ်ရင်းတရင်းလွှတ်ပြီးတော့ သွားပိတ်ပါတယ်။ ပိတ်တော့ အဲဒီမှာ ထိပ်တိုက်တွေ့တယ်ပေါ့။ ပြီးတော့ သူတို့က စစ်ကူတပ်ရင်းနှစ်ရင်းကို တာရွှေဟန်ဘက်ကနေ ပြန်ပြီးတော့ပို့တယ်။ အဲဒါ နဂိုရ်ကတည်းက ပွင့်ရက်ကြီးပါ။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့က နဂိုရ်ကတည်းက စခန်းချထားတာရှိတယ်။ ပြည်သူလူထု သွားသွားလာလာ၊ အဲဒီမှာ သွားလို့ရတယ်။ ကျနော်တို့က ပြည်သူလူထုကို လုံးဝ အနှောင့်အယှက်မပေးဘူး။ ဒါပေမယ့် စစ်ကားကတော့ သွားလို့မရဘူးပေါ့။ အခု ကျနော်တို့စခန်းသေးသေးလေးတခုရှိတယ်။ နည်းနည်းလေး နောက်ဆုတ်လိုက်တာပါ။ ၁၈ မိုင်အကျော်ဆို ဖုန်းရွှေထန်း ဆိုတာ အဲဒီ ပတ်ဝန်းကျင်ပဲခင်ဗျ။ ”

မြန်မာအစိုးရဘက်ကတော့ တရုတ် မြန်မာ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၈ အနီးက ပွိုင့် ၁၇၈၉ တောင်ကုန်းကို သိမ်းပိုက်နိုင်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်ပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG