သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေအနေဆိုးနေတဲ့ ဒုက္ခသည်တွေ အရေး အလေးထားဖို့ ကုလ တိုက်တွန်း


ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး Karen Koning AbuZayd ။ ဓါတ်ပုံ - (UN Web)
ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး Karen Koning AbuZayd ။ ဓါတ်ပုံ - (UN Web)

ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှနဲ့ မတူအောင် များပြားနေတဲ့ ဒုက္ခသည် နဲ့ နိုင်ငံ ရွှေ့ပြောင်းအခြေချသူများ ပြဿနာကို ကမ္ဘာနိုင်ငံတွေဖက်က တာဝန်သိစွာ၊ လူသားဆန်စွာ ကူညီဆောင်ရွက်မယ့် ကတိအာမခံချက်သစ်တွေ ရရှိနိုင်ရေးကို ရည်ရွယ်ပြီး ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီး စည်းဝေးပွဲကို September လထဲမှာ ကျင်းပဖို့ရှိပါတယ်။

နယူးယောက် မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲ ကို နိုင်ငံပေါင်း ၁၅၀ ထက်မနည်းက ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ ရင်ဆိုင်နေကြရတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာကို နိုင်ငံတွေ အားလုံး လက်တွဲဖြေရှင်းကြဖို့ ကုလမသဂ္ဂ အဖဲ့ွကြီးက မျှော်လင့်နေတဲ့အကြောင်း ကုလသမဂ္ဂ ဥရောပဌာနချုပ် ရုံးစိုက်ရာ Switzerland နိုင်ငံ Geneva မြို့ကနေ Lisa Schlein ကသတင်းပို့ပါတယ်၊ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၆၅သန်းဟာ နေရပ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီထဲမှာ ဒုက္ခသည်အရေအတွက်က သန်း ၂၀ ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ပြည်တွင်းမှာ အိုးအိမ်ပြစ် ထွက်ခွာလာရသူတွေ ဖြစ်ကြပါတယ်။

ဒီလိုလူမျိုးတွေ အပြင် ဆင်းရဲမွဲတေမှု၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ သဘာဝ ဘေးဒဏ်တွေကြောင့် တခြားနိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရှာဖွေဖို့ ရွှေ့ပြောင်း ထွက်လာကြသူတွေကလဲ သန်းပေါင်း ဆယ်ဂဏန်းကျော် ရှိပါတယ်။ ခုလို အလုံးအရင်းနဲ့ နေရပ်စွန့်ခွာ လာကြသူတွေရဲ့ပြဿနာကို တနိုင်ငံချင်းစီက ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ ပြဿနာကို တာဝန်သိပြီး အစီအစဉ် တကျဖြစ်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောထားပါတယ်။ နေရပ်ရွှေ့ပြောင်း လာကြသူ အရေအတွက်ကို ကြည့်ရင် ထိတ်လန့်စရာဖြစ်ပေမဲ့ နိုင်ငံတွေအနေနဲ့ များလာတဲ့ အရေအတွက် ကို ပြဿနာလို့ပဲ မြင်နေရင်မှားတယ်လို့ စက်တင်ဘာ ထိပ်သီးစည်းဝေးပွဲအတွက် အထူးအကြံပေး Karen Koning AbuZayd ကဆိုပါတယ်။

“ဒုက္ခသည်မိသားစုတွေ၊ နေရပ်ရွှေ့ပြောင်းလာကြတဲ့ မိသားစုတွေအတွက် အခက်အခဲ ဒုက္ခတခုဆိုတာ သေချာပါတယ်။ သူတို့ရောက်သွား တဲ့ နိုင်ငံတွေ ဖက်ကလဲ ဘေးကြပ်နံကြပ် အခြေအနေမျိုးကို ကြုံကြရတာ မှန်ပါတယ်။ နိုင်ငံတွေ အားလုံး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအားလုံး အတူလက်တွဲပြီး ဆောင်ရွက်ကြ မယ် ဆိုရင် ခက်ခဲတဲ့ပြဿနာ တခု ဖြစ်တော့မှာ မဟုတ်ပါဘူး။”

ဒုက္ခသည်တွေ၊ နိုင်ငံပြောင်း အခြေချသူတွေဟာ နိုင်ငံတကာ နယ်စပ်တွေ၊ တခါတရံ နိုင်ငံ တခုမကကို ဖြတ်သန်း သွားလာနေကြတဲ့ အတွက် နိုင်ငံတွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်ကြရမယ်လို့ သူကပြော ပါတယ်။ နိုင်ငံတခုရဲ့ ဆောင်ရွက် ချက်က နောက်နိုင်ငံတခုအပေါ်မှာ သွားပြီးသက်ရောက်မှုရှိတာကိုလဲ ခုလို ထောက်ပြပါတယ်။

“လောလောလတ်လတ် ဥပမာတခုကို ပြရမယ် ဆိုရင် ကင်ညာနိုင်ငံက သူ့နိုင်ငံထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့မယ့် အရိပ်အယောင် ပြောကြား ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ဆယ်ထဲက ကင်ညာမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေဖြစ်ပြီး ၂ သိန်းလောက်က ဆင်းရဲ စုတ်ပြတ်တဲ့ အခြေအနေ နဲ့ နေ နေကြရတဲ့သူတွေပါ။ အဲဒီလူမျိုးတွေကို ကင်ညာက ဆက် လက်မခံထားတော့ ဘူးလို့ ပြောခဲ့ပြီးမကြာပါဘူး၊ ဆူဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံနဲ့ တခြားနိုင်ငံတွေကလဲ သူတို့ဆီမှာ ရှိနေတဲ့ ဒုက္ခသည်တွေ ကို ပြန်ပို့မယ် ဆိုတာမျို ပြောသံတွေ ထွက်လာကြပါတယ်။”

မြန်မာနိုင်ငံမှာတော့ တိုက်ပွဲတွေရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဋိပက္ခတွေဖြစ်ထားတဲ့ ရခိုင်ပြည်နယ်တို့မှာ နေရပ်စွန့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ ထောင်သောင်းချီ ရှိနေပါတယ်။ အဲဒီသူတွေ အနေနဲ့ နေ့စဉ် ဘဝ ရပ်တည်ဖို့ အတွက် ရုန်းကန်နေကြရတဲ့အပြင် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလဲ မရရှိတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တေ့ွခဲ့ရ တယ်လို့ အဲဒီဒေသတွေက ဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပါတ်တွေ ထဲသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Yanghee Lee ကပြောကြားခဲ့ပါတယ်။

အဲဒီ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေဟာ သိပ်ကို အရေးကြီးပေမဲ့ အကူအညီ လိုအပ်နေတဲ့ နေရာ တော်တော်များများ ဆီကို သွားနိုင်ဖို့၊ အကူအညီတွေ အရောက်ပို့နိုင်ဖို့၊ ခက်ခဲတဲ့ အခြေအနေတွေ ကြားရတဲ့အပေါ်မှာလဲ စိုးရိမ်းတယ်လို့ Ms. Yanghee Lee ကသူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကအပါအဝင် အကူအညီ လိုအပ်နေသူတွေကို လူသားချင်း ဆိုင်ရာ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Stephen O’Brien က ဂျွန် လ ၂၇ ရက်နေ့ကပဲ နိုင်ငံတကာ အလှူရှင်တွေကို ပန်ကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင် နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမဲ့ ထိပ်သီး စည်းဝေးပွဲ ကျရင်တော့ ဒုက္ခသည်တွေ၊ နေရပ်ပြောင်းရွှေ့သူတွေ၊ သူတို့ နေရပ်တွေကို စွန့်ခွာနေကြရတဲ့ အဓိက အကြောင်းပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ တခါလူကုန်ကူးသူတွေ နိုင်ငံတွေထဲ တရားမဝင် ဝင်ရောက်နိုင်အောင် လုပ်ပေးသူတွေကို ဘယ်လို ထိထိရောက်ရောက် အရေးယူ ကြမလဲဆိုတာကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

နိုင်ငံတွေကို ဖြတ်ကျော် သွားရောက်နေတဲ့ ဒုက္ခသည်တွေ နိုင်ငံပြောင်း အခြေချသူတွေကို သက်ဆိုင်ရာ နိုင်ငံတွေဖက်က ကြိုဆိုလက်ခံတဲ့ အခြေအနေ တိုးတက်ဖို့နဲ နယ်စပ်ဖြတ်ကျော် သွားချင်သူတွေကို လူသားဆန်ဆန် တုံ့ပြန်ကြဖို့ အတွက် ကုလသမဂ္ဂက နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဒုက္ခသည်တွေ နိုင်ငံရွှေ့ပြောင်း သူတွေနဲ့ ပါတ်သက်လို့ အနှုတ် သဘော ဆောင်တဲ ပြောဆိုမှုတွေကို တိုက်ဖျက်နိုင်ဖို့ နိုင်ငံခြားသား မလိုလားတဲ့ အမြင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုလဲ ကုလသမဂ္ဂက လုပ်သွားမယ်လို့ ကုလသမဂ္ဂ ထိပ်သီး စည်းဝေးပွဲအတွက် အထူးအကြံပေးက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ကျရင်တော့ အမေရိကန်သမ္မတ Barack Obama က ကမ္ဘာ့ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဒုက္ခသည်တွေကို ကူညီရေး အစိုးရတွေ ဖက်က သိသာထူးခြားတဲ့ အလှူငွေ ကတိကဝတ်တွေ ပေးကြရအောင် သမ္မတအိုဘားမားက ရည်ရွယ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG