သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်နိုင်ရေး အခြေအနေဖန်တီးဖို့ ကုလတိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒနဲ့ ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့် အခြေအနေတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာအောင် နိုင်ငံတကာကလည်း အကူအညီပေးကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေရပ်ပြန်ပို့မယ့် အစီအစဉ် ပျက်ပြားသွားခဲ့ပြီး နောက်မှာပဲ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား သဘောတူညီချက်အရ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက ပထမသုတ်အဖြစ် ၁၅၀ လောက်ကို စတင်ပို့ဆောင်ဖို့ စီစဉ်ထားပေမဲ့ မြန်မာနိုင်ငံဘက်က အခြေအနေတွေအပေါ် စိုးရိမ်မှုတွေကြောင့် ဒုက္ခသည်တွေ မပြန်ချင်ကြတဲ့အတွက် အစီအစဉ် အထမမြောက်ဘဲ ဖြစ်ခဲ့ရတာပါ။

UNHCR ရဲ့ ကြေညာချက်မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မြန်မာအစိုးရအပေါ်မှာ မူတည်နေကြောင်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် တွေနဲ့အညီ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့နဲ့ နေရပ်စွန့်ခွာရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့တွေလည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို လက်ခံထားပြီး၊ ပြန်လည်လက်ခံဖို့လည်း အဆင်သင့် ပြင်ဆင်ထားပြီးကြောင်း ပြောဆိုထားတာပါ။ ဒုက္ခသည်တွေ ကိုယ့်ဆန္ဒအတိုင်း နေရပ်ပြန်နိုင်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်ထားတဲ့အပေါ် UNHCR ကကြိုဆိုပေမဲ့ ဒုက္ခသည်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိရေး၊ ဝန်ဆောင်မှုတွေ၊ အထောက် အထားနဲ့ စားဝတ်နေရေး အခွင့်အလန်းတွေ ရရှိခံစားနိုင်အောင်ဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း တိုက်တွန်းထားပါတယ်။ ဒီလိုအခြေအနေတွေ ဖန်တီးနိုင်မှသာ ဒုက္ခသည်တွေ ယုံကြည်မှု ရနိုင်မှာဖြစ်သလို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP), UNHCR နဲ့ မြန်မာအစိုးရတို့ကြား ဇွန်လထဲ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စီစဉ်ထားတဲ့ နေရာတွေကို သွားရောက်ခွင့််ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်နိုင်ရေး အခြေအနေဖန်တီးဖို့ ကုလတိုက်တွန်း
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG