မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို နောက်ထပ် ရုပ်သိမ်း ဖြေလျှော့ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban ki-moon) က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံ ကလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ရှေ့မှောက်မှာ ပြောကြားတဲ့ မိန့်ခွန်းကနေတဆင့် အဲဒီလို တိုက်တွန်းသွား တာပါ။ မြန်မာနိုင်ငံအနေနဲ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကူအညီတွေနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နံှမှုတွေကိုလည်း အများအပြားလိုအပ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ တတိယအကြိမ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာဘန်ကီမွန်းဟာ တနှစ်သား လောက်ပဲ ရှိသေးတဲ့ မြန်မာလွှတ်တော် ရှေ့မှောက်မှာ မိန့်ခွန်းပြောတဲ့ ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်ပါပဲ။ ဒီကနေ့ မနက်ပိုင်းမှာ လွှတ်တော်အသီးသီး က ဥက္ကဋ္ဌတွေ၊ ရေးရာကော်မတီတွေက လွှတ်တော် ကိုယ်စားလှယ် တွေ စသည်အားဖြင့် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့ပြီးတဲ့ နောက် ပြည်ထောင်စု လွှတ်တော် ရှေ့မှောက်မှာ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စ၊ ကုလသမဂ္ဂက ပူးပေါင်းဆောင်ရွက်မယ့်လုပ်ငန်းတွေကိစ္စ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးအခြေအနေတွေ စဉ်ဆက်မပြတ် တိုးတက်ရေးကိစ္စ၊ လွှတ်တော်တွေဟာ နိုင်ငံအတွက် အားထားရာအဖြစ်နဲ့ လွှတ်တော်ရဲ့ အခြေအနေကို အလေးအနက်ထား ပြောဆိုခဲ့တာတွေထဲမှာ အဓိက ပါဝင်တဲ့အချက်တခုကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာတွေကို နောက်ထပ် ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။
“ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ တခြား ဒဏ်ခတ်အရေးယူထားတာတွေကို နောက်ထပ် ရုပ်သိမ်း ပေးဖို့၊ ဆိုင်းငံ့ပေးဖို့ ဒါမှမဟုတ် ဖြေလျှော့ သက်သာပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကျနော် တိုက်တွန်း ပါတယ်။ ဒုတိယအနေနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ ရဲ့ အကူအညီကိုရော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေပါ အလုံးအရင်းနဲ့ တိုးမြှင့်ဖို့ မြန်မာနိုင်ငံက လိုအပ်ပါတယ်” လို့ ဘန်ကီမွန်းက ပြောပါတယ်။
မြန်မာနိုင်ငံက ဒီကနေ့ဖြစ်ပေါ် တိုးတက်မှုတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ ရှိခဲ့ သလည်း ဆိုတာကို တိတိကျကျ ပြောဖို့ခက်ပေမဲ့ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကတော့ ကုလသမဂ္ဂအနေနဲ့ သံခင်းတမန်ခင်း အရ နောက်ကွယ်ကနေ တိုးတိုးတိတ်တိတ် တိုက်တွန်း အကြံပေးတာတွေ တောက်လျှောက် ရှိခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်ရော သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေး ပုဂ္ဂိုလ်တွေရော မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာမှာ အခုခရီးစဉ်ဟာ လေးနှစ်အတွင်း သုံးကြိမ်မြောက်ပါ။
မြန်မာနိုင်ငံဆီ မရောက်ခင်ကတည်းကိုက ဖြစ်ထွန်းတိုးတက်မှုတွေအတွက် သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ကို ကိုယ်တိုင်တွေ့ဆုံပြီး ချီးကျူးဂုဏ်ပြုစကား ပြောမယ်လို့ ဆိုထားပါတယ်။ လွှတ်တော်တွင်းပြောတဲ့ မိန့်ခွန်းထဲမှာလည်း ဒီကိစ္စကို ထည့်သွင်းပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကျယ်ပြန့်ပြီး ထူးခြားတဲ့ အပြောင်းအလဲတွေက ကမ္ဘာကြီး ကို အားတက်စေ ပါတယ်။ လူကြီးမင်းတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပိုပြီးမြင့်မားနေတုန်းပဲဆိုတာ ကျနော်တို့သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းကြားမှာ လေးစားခံရပြီး တာဝန်ယူမှု ရှိတဲ့ နိုင်ငံတခု ရဲ့ နေရာကို အလျင်အမြန်ပဲ ပြန်ရောက် လာလိမ့်မယ်ဆိုတာ ကျနော် သံသယမရှိပါဘူး” လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လွှတ်တော် ရှေ့မှောက်မှာ ပြောသွားပါတယ်။
မစ္စတာဘန်ကီမွန်း ရဲ့ မိန့်ခွန်းအပေါ် ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က အခုလိုပြောပါတယ်။
“ကောင်းပါတယ်။ သူ ပြောသွားတဲ့ ဟာတွေက ယေဘုယျ ဆန်ဆန် ပြောသွားတာ။ ကျနော် တို့ နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး ကို ကမ္ဘာမှာလည်း လက်ခံမယ်။ နိုင်ငံတကာကလည်း ကျနော် တို့ကို ပြန်ပြီးတော့ အသိုင်းအဝိုင်းက ပြန်ပြီး လက်ခံတယ် ဆိုတဲ့ အချက်တွေကိုလည်း ပြောပါတယ်။”
ဒီကနေ့ မစ္စတာဘန်ကီမွန်း မိန့်ခွန်းပြောကြားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD က ရွေးကောက် ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတော့ လွှတ်တော်တွင်း ရှိမနေခဲ့ကြသေးပါဘူး။ အတွင်းရေးမှူး ချုပ် မိန့်ခွန်း ပြောချိန်နဲ့ မရှေးမနှောင်း ဆိုသလိုမှာမှ ကျမ်းကျိန်ဆိုရေးကိစ္စ လိုက်လျော လိုက်ပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ကြေညာခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ အဖွဲ့တာဝန်ရှိသူတချို့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုတာကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် လူထုအခြေပြု လူမှုအဖွဲ့ အစည်းတချို့နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိထားရပေမဲ့ အသေးစိတ် မသိရသေးသလို သီးခြားအတည်ပြုချက်လည်း မရသေး ပါဘူး။