သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်ရောက်ရှိ


ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရနဲ့တွေဆုံဆွေးနွေးခဲ့သလို IDP ခေါ် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ IDP စခန်းတွေ ရောက်ရှိစဉ်မှာတော့ စခန်းတွင်းကနေအိမ်တွေဟာ ယာယီဆောက်လုပ်ထားတဲ့ဖြစ်ပြီးနှစ်ကာလရှည်ကြာလာတဲ့အတွက် ယိုယွင်းပျက်ဆီးလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးUN-OCHA ရဲ့ ပြောခွင့်ရသူကပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီလ ၂ရက်နေ့က မြန်မာပြည်ကို ရောက်ရှိလာတဲ့လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီကနေ့ မနက်ပိုင်းမှာရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပါတယ်။

ဒီနေ့ မနက်ခင်းပိုင်းမှာ IDP ခေါ် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း၂ခုနဲ့ ပြည်လည်နေရာချထားရာနေရာ ၂ခုကို သွားရောက်ခဲ့သလို မွန်းလွဲှပိုင်းမှာ UNနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ NGO တွေနဲ့တွေ့ဆုံပါတယ်။ညနေ ၃နာရီ လောက်မှာတော့ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံတဲ့အခြေအနေကို ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နဲ့ အတူလိုက်ပါသွားတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးUN-OCHA ရဲ့ ပြောခွင့်ရ Pierro Peron က က အခုလို ပြောပါတယ်။

"တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အစိုးရအတွင်းရေးမှုး၊ စီမံကိန်းဝန်ကြီးနဲ့ အခြားပြည်နယ်ဝန်ကြီးတဦးတို့နဲ့သာတွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ နေပြည်တော်မှာ ရောက်ရှိနေပြီး ရခိုင်ပြည်နယ်မှာ မရှိပါဘူး။"

အဓိက ဆွေးနွေးတဲ့အချက်တွေကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

မနက်ခင်းပိုင်းကတော့ မူဆလင် IDP တွေ နေထိုင်တဲ့ ဓါးပိုင်စခန်း၊ သက္ကယ်ပြင်စခန်းနဲ့ အောင်မင်္ဂလာရပ်ကွက်တို့ အပြင်ရခိုင်လူမျိုးတွေ နေထိုင်တဲ့ မင်းဂံပြန်လည်ထူထောင်ရေးစခန်းတွေကို သွားရောက်ခဲ့ပါတယ်။ မူဆလင် IDP စခန်းတွေဖြစ်တဲ့ ဓါးပိုင်စခန်းမှာ လူ ၁၁၃၀နဲ့ သက်ကယ်ပြင်စခန်းမှာ လူ ၅၈၀၀ ရှိပြီး ရခိုင်လူမျိုးတွေနေထိုင်တဲ့ မင်းဂံစခန်းမှာတော့ လူ ၇၀၀လောက် ရှိနေပါတယ်။

စခန်းတွေမှာ သွားရောက်စဉ် တွေ့ကြုံရတဲ့အခြေအနေကိုကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးUN-OCHA ရဲ့ ပြောခွင့်ရ Pierro Peron က အခုလို ပြောပါတယ်။

"IDP စခန်းတွေက နေအိမ်တွေ ၂၀၁၂ခုနှစ်က ယာယီတည်ဆောက်ထားတာဖြစ်တာကြောင့် အခုဆိုရင် ၆နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ စခန်းက နေအိမ်တွေရဲအခြေအနေဟာ ယိုယွင်းပျက်ဆီးလာနေပါတယ်။ နောက် စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးထောက်ပံမှုအရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။"

ဒီလို စခန်းတွေကို သွားရောက်ရာမှာတော့ အစိုးရတာဝန်ရှိသူတွေ လိုက်ပါလာတာ မရှိဘဲ IDP တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Muellerဟာ ဒီလ ၃ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာတွေ့ဆုံပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး စိန်ခေါ်မှုတွေကို မြန်မာနဲ့ ကုလသမဂ္ဂ အကူအညီပေးရေးရုံးတို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ၃ရက်နေ့ မနက်ပိုင်းမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟာ မနက်ဖြန်မှာတော့ ရခိုင်ပြည်နယ်က ဒေသတချို့ကို သွားရောက်ဖို့ ရည်ရွယ်ထားပြီး ညနေပိုင်းမှာတော့ ရန်ကုန်ကို ပြန်လည်ထွက်ခွာဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG