သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု ကုလနဲ့ အမေရိကန် ပြစ်တင်ရှုတ်ချ


ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းမှာရှိတဲ့ မြန်မာအစိုးရ လုံခြုံရေးတပ်အဖွဲ့အပေါ် ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရတို့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ရှားဖောင် က ဆက်လက်ပြီးတင်ပြပေးပါမယ်။

ဒီကနေ့ သြဂုတ်လ ၂၅ ရက် သောကြာနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဗူးသီးတောင်နဲ့ ရသေ့တောင် ဒေသတွေမှာရှိတဲ့ လုံခြုံရေးရဲကင်း အပြင် ရဲစခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေ အစီအရီ တိုက်ခိုက်ခံရတဲ့အပေါ်မှာ ရှုတ်ချကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးဌာနညွှန်ကြားရေးမှူးလည်းဖြစ်၊ ပြောခွင့်ရလည်းဖြစ်တဲ့ Alessandra Vellucci က အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့အစောပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကွက်ကျကျစီစဉ်တိုက်ခိုက်ခဲ့တာကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ အသက်ဆုံးရှုံးရတာတွေအတွက် စိတ်မကောင်းဖြစ်ရသလို၊ ကျန်ရစ်သူမိသားစုတွေအတွက် အလေးအနက် ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ပြန်လည်ကျန်းမာလာရေးအတွက် ဆုတောင်းပေးနေပါတယ်။ သက်ဆိုင်သူတွေအားလုံး အကြမ်းဖက်နည်းမသုံးဖို့နဲ့ အရပ်သားတွေ အကာအကွယ်ပေးရေး၊ တရားဥပဒေပြန်လည်စိုးမိုးရေးနဲ့ ပြဿနာအဖြေရှာရေးမှာ ဆွေးနွေးပြောဆိုခြင်းကတဆင့် ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုပါတယ်။ ” လို့ ကုလသမဂ္ဂပြောခွင့်ရပြောပါတယ်။

လုံခြုံရေး ရဲစခန်း စုစုပေါင်း ၃၀ တိုက်ခိုက်ခံခဲ့ရပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ရပြီး၊ လက်နက်ကိုင် အကြမ်းဖက်သမားတွေဘက်က ၅၉ ဦးသေဆုံးခဲ့တယ်လို့ မြန်မာအစိုးရကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Arakan Rohingya Salvation Army, လို့ နာမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့က ပြောဆိုထားကြောင်း ရိုက်တာသတင်းတပုဒ်မှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့ ရန်ကုန်အမေရိကန် သံရုံးကလည်း ရှုတ်ချကြောင်း သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“ညတုန်းက လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ ရှုတ်ချသလို၊ ကျဆုံးသွားရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဒီလုပ်ရပ် ကျူးလွန်သူတွေကို လက်ရဖမ်းဆီး မိရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့အတွက် အစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့တွေက အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း နားလည်အသိအမှတ်ပြုပါတယ်။

အပြစ်မဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးနိုင်ဖို့အတွက် လက်ရ ဖမ်းဆီးနိုင်ရေးနဲ့ နောက်ထပ် အကြမ်းဖက်မှု မဖြစ်ပွားဖို့အတွက် ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လူမှုအသိုက်အဝိုင်း အားလုံးအနေနဲ့လည်း မိမိတို့ရဲ့အပြုအမှု အပြောအဆိုတွေက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိနိုင်ဖို့ အတွက် ဦးတည်စေလိုကြောင်း ကိုလည်း တိုက်တွန်းပါတယ်။” လို့ ရန်ကုန် အမေရိကန် သံရုံးပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG