သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ နိုင်ငံတကာဆင်နွှဲ


နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေစပြီးတော့ အမျိုးသမီးအပေါ် ခွဲခြားဆက်ဆံတာတွေ လိင်အင်္ဂါအပေါ် အခြေခံတဲ့ အကြမ်းဖက်ခံရမှုတွေ အဆုံးသတ်စေဖို့အတွက် ရည်ရွယ်တဲ့ ၁၆ ရက်ကြာ လိမ္မော်ရောင် လှုပ်ရှားမှုတခုကို ကုလသမဂ္ဂကနေ ဦးဆောင်ပြီး စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ရှားဖောင်က စုစည်း တင်ပြထားပါတယ်။

ယခုနှစ် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်နေ့ကို “Orange the World” ဆိုတဲ့ ခေါင်းစဉ်နဲ့ လိမ္မော်ရောင်လှုပ်ရှားမှုတခုကို ကုလသမဂ္ဂကနေ ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။ ဒီ “Orange the World” ဆိုတဲ့ လိမ္မော်ရောင်လှုပ်ရှားမှုကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး ပိုမို မီးမောင်းထိုး ပြသနိုင်ဖို့အတွက် ၁၆ ရက်ကြာတဲ့ လှုပ်ရှားမှုကို နိုင်ငံပေါင်း ၇၀ ဆယ်မှာ အထိမ်းအမှတ်ပွဲပေါင်း ၄၅၀ ကျော် ပြုလုပ်သွားမှာဖြစ်ပြီးတော့ ချီတက်ဆန္ဒပြမှုတွေ၊ မိန့်ခွန်းပြောကြားတာတွေ၊ စုရုံးတာတွေအပြင် လူမှုကွန်ယက်ပေါ်က လှုပ်ရှားမှုတွေနဲ့ ရုပ်သံအကနဲ့ သရုပ်ဖော်ပြသမှုတွေကို လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပကော်မရှင် အဆောက်အဦးနဲ့ Niagara Falls ရေတံခွန်တွေကိုလည်း လိမ္မော်ရောင်အသွင်အဖြစ် မီးမောင်းထိုး လုပ်ဆောင်သွားဖို့ရှိသလို Congo နဲ့ ဒိန်းမတ်နိုင်ငံက ထင်ရှားတဲ့ နေရာတချို့မှာလည်း လိမ္မော်ရောင်အဆင့်အဖြစ် မီးမောင်းထိုးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ကြားမှာရှိတဲ့ အဓိက အထိမ်းအမှတ်နေ့တွေကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်နေ့တွေ ပါဝင်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေဖို့ ရည်ရွယ်တဲ့ ၁၆ ရက်ကြာ လိမ္မော်ရောင် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက အခုလို ပြောပါတယ်။

“အမျိုးသမီးနဲ့ မိန်းကလေးငယ်အပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ ထိပ်ဆုံးဦးစားပေးထားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ ပထမဦးဆုံး အလုပ်စဝင်တဲ့ရက်မှာပဲ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ အတွေးခေါ်တွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အခွင့်အရေးရတိုင်း ကျနော် ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။”

ကုလသမဂ္ဂရဲ့အဆိုအရ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ကိန်းဂဏန်းဟာ မယုံ နိုင်လောက်အောင် သိပ်များလွန်းနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီး ၃၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ဒါမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရပြီး တချို့နိုင်ငံက အမျိုးသမီးတွေဆို ၇ ကြိမ်ကနေ ၁၀ ကြိမ်အထိ ညှဉ်းပမ်းနှိပ်စက်မှု ခံခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီး ၃၈ ရာခိုင်နှုန်းဟာ သူတို့နဲ့ အတူနေ အမျိုးသားတွေရဲ့ သတ်ဖြတ်တာ ခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသမှာရှိတဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာရှိကြတဲ့ မိန်းကလေးငယ်နဲ့ အမျိုးသမီး ခန့်မှန်းချေ ၁၃၃ သန်းဟာ လိင်အင်္ဂါဖြတ်ထောက်မှုတွေ ခံနေရတယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုဝင်ဘာလ ၂၅ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်နေ့မှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေထဲက နှစ်ဖွဲ့ဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့ကလည်း မြန်မာနိုင်ငံတွင်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ဆက်လက် ရှိနေသေးတာကို ထောက်ပြတဲ့ ကြေညာချက်နဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်မှုပေါင်းစုံကို ရင်ဆိုင် ခံစားနေကြရဆဲဖြစ်ပြီး အထူးသဖြင့် စစ်ဖြစ်တဲ့နေရာတွေက အမျိုးသမီးတွေဟာ အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပဋိပက္ခဒေသမှာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေရဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်မွန်းနေလီ က အခုလို ပြောပါတယ်။

“ကျမတို့ရဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်တဲ့ဟာပေါ့နော် အထူးသဖြင့် ဒီတိုင်းရင်းသား ဒေသမှာဆိုလို့ရှိရင် အမျိုးသမီးတွေက မတရားကို အကြမ်းဖက်ခံရတယ်။ ဒီထက်ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်တာက အစိုးရစစ်တပ်ပေါ့နော်။ ဒီစစ်တပ်ကနေပြုကျင့်တဲ့ အကြမ်းဖက်မှုကတော့ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်နေတာပေါ့နော်။ ပြီးလို့ရှိရင် တချို့ဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီးတော့ အသတ်ခံရတဲ့ အဆင့်အထိပေါ့နော် ရောက်နေတဲ့ ဒီအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုမရှိတဲ့ ကိစ္စတွေက ပြည်တွင်းစစ်ဆိုတဲ့အရာနဲ့ ဆက်စပ်မှု အများကြီးရှိနေပါတယ်။”

ဒါ့အပြင် ၂၀၁၅ ခုနှစ် ဧပြီလကနေစပြီးတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်းပိုင်းဒေသတွေမှာ အစိုးရစစ်တပ်ကနေ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုပေါင်း ၈ ခုရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မှတ်တမ်းပြုစုထားကြောင်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ (၅၄) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီခံမှာရဲ့ (၈၃) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG