သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ICC စုံစမ်းရေး ကုလ ကြိုဆို


လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Adama Dieng
လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Adama Dieng

မြန်မာနိုင်ငံကနေ အိမ်နီးချင်းဘင်္ဂလားဒေရှ်ဘက် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိကြောင်း အမှုမစစ်မီ ကြိုတင် ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့က ကြာသာပတေးနေ့ စက်တင်ဘာလ (၇) ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တဲ့အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Adama Dieng ကကြိုဆိုလိုက်ပါတယ်။ မနေ့သောကြာနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက် မှာလည်း အစုလိုက်အပြုံလိုက် မောင်းထုတ်ခံရမှုဟာ နိုင်ငံတကာဥပဒေအရ crime against humanity လူသားထုအပေါ် ပြစ်မှုကျူးလွန်မှုမြောက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင် အခုလို ICC တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ဖိနှိပ်ညှင်းပမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် တရားမျှတမှုရဖို့ မျှော်လင့်ချက် အလင်းရောင်လည်း ဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

အထူးသဖြင့် ၂၀၁၇ခုနှစ် သြဂုတ်လကစပြီး ရိုဟင်ဂျာ ၁ သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးခဲ့ရတဲ့ အခြေအနေ ဖိနှိပ်မှုကိုကြည့်ရင် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ Adama Dieng ကပြောပါတယ်။

မနေ့က ICC တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ထိုးဖောက်ကျော်လွှားမှုတရပ်ဖြစ်ပေမဲ့လည်း လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ လုပ်ရပ်တွေအပါအဝင် ပြစ်မှုကျူးလွန်မှုတွေ ဟာ မြန်မာနိုင်ငံထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ အတွက် ICC ရဲ့ စီရင်ပိုင်ခွင့်ထဲကနေ ဖယ်ထုတ်ရလိမ့်မယ် ဆိုတဲ့ အချက်ကို အထူးကိုယ်စားလှယ်က သူသိရှိထားကြောင်းကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေး ဆက်လက်အားထုတ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သူက တိုက်တွန်းထားပါတယ်။

ICC ခုံရုံး ကတော့ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတခု မဟုတ်ပေမဲ့လည်း လူတွေအစုလိုက် အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ကိစ္စအတွက် နယ်မြေစီရင်ပိုင်ခွင့်အရ တရားစီရင်ပိုင်ခွင့်ရှိတဲ့အကြောင်း ပြောထားပါတယ်။

အလားတူ ICC ခုံရုံးအနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကနေ အတင်းအဓမ္မ နှင်ထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှု ရရှိစေဖို့ လမ်းပွင့်စေမယ့် ခြေလှမ်း တရပ်ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှားမှု နိုင်ငံတကာအဖွဲ့တွေဖြစ်ကြတဲ့ Human Rights Watch နဲ့ Amnesty International တို့ကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ကြ တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG