သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလကြိုဆို


မြစ်ကြီးနားမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကျေနပ် အားရစရာ ဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကရော၊ လေ့လာသူအဖြစ် တတ်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဘက်ကပါ ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့ ဆွေးနွေးပွဲအတွင်းမှာတော့ အမြင်ကွဲလွဲမှုတချို့ ရှိခဲ့ပြီး၊ ဒါကို လာမယ့် ဒီဇင်ဘာလမှာ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်ထားတာ တွေ့ရပါ တယ်။ ဆွေးနွေးပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးကြ တဲ့ နှစ်ရက်ကြာ မြစ်ကြီးနားဆွေးနွေးပွဲဟာ တကယ်တော့ ရလဒ် ခိုင်ခိုင်မာမာ ထွက်မလာခဲ့ပါဘူး။ တိုင်းရင်းသားတွေဘက်က စုပေါင်းတင်ပြတဲ့ လိုင်ဇာသဘောတူညီချက်ကို အစိုးရဘက်ကို ပေးအပ်ခဲ့သလို၊ အစိုးရကိုယ်စားလှယ်ဘက်ကလည်း သူတို့ရဲ့ အဆိုပြုချက်မူကြမ်းကို တိုင်းရင်းသားတွေထံ အပြန်အလှန် ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုလို အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ စိတ်ဓာတ်တွေကြောင့် နှစ်ဘက်အကြားမှာ တူညီတဲ့အခြေခံ ရရှိခဲ့တယ်လို့ လေ့လာသူအဖြစ် တတ်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားက ရှုမြင်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ ဖာရမ်ဟိုက်က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရေရှည်အမြင်နဲ့ အလေးအနက်ထားတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကြောင့် ကျေနပ်အားရမှုရှိပြီး၊ ဒီအခြေအနေကြောင့် တိုင်းရင်းသားအုပ်စုတွေအနေနဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့ တူညီတဲ့ အခြေခံတရပ် ရယူနိုင်ကြတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေထုတ်နိုင်ရေးဟာ တိုင်းပြည်နဲ့ လူထု အနာဂတ်အတွက် အရေးတကြီး ဦးစားပေးကိစ္စ ဖြစ်တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ် ဆက်သွားဖို့ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ပံ့ ကူညီသွားမှာဖြစ်ပါတယ်။”

ဆွေးနွေးပွဲအတွင်း အခိုင်အမာရလဒ် မရပေမဲ့လို့ ရှေ့ဆက် ဆောင်ရွက်သွားရမယ့် အခြေခံ လမ်းညွှန်ချက်တရပ်ကို အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ရရှိခဲ့တယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲအပေါ်မှာ အားရကျေနပ်မိတယ်လို့ မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောခဲ့ပါတယ်။

“ဒီဆွေးနွေးပွဲကို အရမ်းပဲ အားရကျေနပ်ပါတယ်။ တိုင်းရင်းသားတဖွဲ့၊ တဖွဲ့နဲ့ ဆွေးနွေးပွဲတောင်မှ ဘယ်လောက် ကျနော်တို့ ပင်ပန်းပြီးတော့ ဘယ်လောက် ကျနော်တို့ ကြိုးစားရတယ်ဆိုတာ ခင်ဗျားတို့ မြင်တယ်လေ။ အခု ဒီ တိုင်းရင်းသားပေါင်း ၁၆ ဖွဲ့ ၁၇ ဖွဲ့ကို တခါတည်း ဆွေးနွေးရတယ်ဆိုတော့ ၁၇ ဆလောက် ပင်ပန်းရမယ့်ဥစ္စာပေါ့လေဗျာ။ အဲ့တော့ ဒီဟာလည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုရတယ်ဆိုတော့ ကျနော့်အနေနဲ့ အတိုင်းအဆမရှိ ဝမ်းသာမိတာပေ့ါလေ။”

ဒါပေမဲ့ ဒီလက်တွေ့ ဆွေးနွေးပွဲအတွင်းမှာတော့ နှစ်ဘက်အကြား ကွဲလွဲချက်တွေတော့ ရှိနေတုန်းပါ။ အထူးသဖြင့်တော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အရင်တုန်းက တိုင်းရင်းသား ငြိမ်းချမ်းရေးတပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပုံစံမျိုး ထားဖို့ ဆွေးနွေးထားတာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကတော့ ဒါကို လက်ခံချင်တဲ့ သဘော မရပါဘူး။ ဒါကြောင့်လည်း ငြိမ်းချမ်းရေး ယူလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါ ပါဝင်တဲ့ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ အသုံးအနှုန်း ဆွေးနွေးပြောဆိုချက်တွေ တိုင်းရင်းသားတွေဘက်က ရှိခဲ့ပါတယ်။ မြန်မာတပ်ဘက်က ဒါကို လိုလိုလားလား ရှိပုံမရပါဘူး။

ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တတ်ရောက် ဆွေးနွေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီကိစ္စဟာ အားလုံးအတွက် ရှုပ်ထွေးစရာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဘာဖြစ်လို့ ဝိဝါရကွဲနေသလဲဆိုတော့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဆိုတော့ တပ်မတော်ကြီးကိုပဲ ဖျက်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းမလားဆိုတဲ့ လူတွေရဲ့ ယုန်ထင်ကြောင်ထင်ပေါ့။ တပ်မတော်ကလည်း ဖွဲ့စရာအကြောင်း လည်း မရှိဘူး။ တပ်မတော်သည် တစ်ခုတည်းသော တပ်မတော်ပဲ။ တိုင်းရင်းသားတွေကလည်းပဲ ဒီပြင်ဆင်ထားတဲ့ တပ်မတော်မှာ သူတို့ကလည်းပဲ တခန်းတကဏ္ဍ အဲ့လိုလည်း မရဘူး။ နောက်ဆုံးမှာ ဝိဝါရတွေ အမျိုးမျိုးကွဲပြီး၊ နောက်ပြီးတော့ သူတို့နဲ့ တိုင်းရင်းသားတွေနဲ့ ကိုယ်တို့တပ်နဲ့လည်းပဲ စိတ်ဝမ်းတွေ ကွဲလာနိုင်တာပေါ့။”

ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်က ဖွဲ့စည်းပုံမှာ ဖက်ဒရယ်စနစ် ပုံစံမျိုး လိုချင်တာကြောင့်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာလည်း သူတို့အတွက် အရေးပါနေပါတယ်။ ဒါပေမဲ့ မြန်မာတပ်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ ဒါကိုထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမှ ဖွဲ့စည်းပုံကိစ္စ ပြောစေချင်ပုံရပါတယ်။ လက်ရှိအဆင့် သဘောတူညီချက်တွေမှာ ဖွဲ့စည်းပုံကို ထိခိုက်စေတဲ့ အသုံးအနှုန်းမျိုးတွေ မရှိစေချင်ဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ သွားနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘာမှ မဆိုင်ဘူး။ တနည်းအားဖြင့်ပြောရလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်နိုင်တဲ့ အကြောင်းတရားတွေ ဘာမှမရှိဘူး။ ခုနတုန်းက ပြောသလို ဝိဝါရကွဲစရာတွေပေါ့။ အဲ့ဒါမျိုးတွေကြောင့်မို့ စကားလုံး အသုံးအနှုန်းတွေကအစ သူတို့ ပြန်လည်ပြီးတော့ ပြင်ဆင်မှုတွေ သူတို့ ရှိမှာပဲ။ ကျနော်တို့က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တာသည် ပတ်သက်တဲ့အချက်တွေမှာ ဒီအခု နိုင်ငံရေးဆွေးနွေးတဲ့အပိုင်းမှာ ပါကောင်းပါနိုင်တယ်။ ပါလာမှာပဲ။ ပါလာတဲ့အခါမှာတော့ တပ်မတော်အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအပေါ်မှာ အခြေခံပြီးတော့ပဲ သွားမှာပဲ။ အဲ့တော့ ပြင်ဖို့ မပြင်ဖို့ဆိုတာ ကျနော်တို့ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ဆုံးဖြတ်လို့မရသလို၊ ကျနော်တို့လည်း ဆုံးဖြတ်လို့မရဘူး။ ဒါသည် ဒီကနေ့ လွှတ်တော်က ဆောင်ရွက်နေတယ်။”

မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ အပစ်အခတ်ရပ်စဲရေးရော နိုင်ငံရေးဆွေးနွေးမှုတွေကိုပါ လာမယ့်နှစ်အတွင်းမှာ ပြီးစီးသွားစေချင်တယ်လို့ ပြောပါတယ်။ လက်ရှိအနေအထားမှာ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းကနေ လုပ်နိုင်သမျှ လုပ်သွားပြီး၊ မလုပ်နိုင်တော့ဘူးဆိုမှ လူထုအားလုံးဆန္ဒနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကိစ္စကို စဉ်းစားစေချင်တယ်လို့ ဦးအောင်မင်းက ပြောခဲ့ပါတယ်။

“ဒီ ဒီဇင်ဘာလအတွင်းမှာ ကျနော်က Nationwide Ceasefire အတွက်ကို လက်မှတ်ထိုးချင်တယ်ခင်ဗျ။ အဲ့လို ထိုးတော့မှပဲ ကျနော်တို့က နောက်နှစ် ၂၀၁၄ ခုနှစ် ဧပြီလလောက်မှာတော့ Political Dialogue လုပ်ချင်တယ်။ Nationwide Ceasefire လက်မှတ်ထိုးပြီးတဲ့အခါမှာ Political Dialogue ကြားထဲမှာ ကျန်တဲ့ကာလမှာတော့ ကျနော်တို့က Framework အတွက် Political Dialogue အတွက် Framework ကို ကျနော်တို့က ဆွေးနွေးကြမယ်။ အဲ့တော့ ကျနော်တို့ လုပ်နိုင်တာကလည်း ကျနော်တို့ အစိုးရဟာ ၂၀၁၅ ခုနှစ်အထိပဲ တာဝန်ယူရမှာ။ အဲ့တော့ ကျနော်တို့ လုပ်နိုင်တာက ၂၀၁၄ ခုနှစ် တနှစ်လုံးရတာပေါ့။ Political Dialogue ဆိုတာကတော့ အချက်အလက်တွေ အများကြီး ပါတာပေါ့။ ဥပမာ ၁၀၀ ရာခိုင်နှုန်း မပြီးတာတောင်မှ ၇၀ ရာခိုင်နှုန်းလောက်ပြီးအောင် ကျနော်တို့ အစိုးရလက်ထက်မှာ လုပ်ပေးသွားချင်တယ်။”

အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက် တပြိုက်တည်း တရားဝင်ဆွေးနွေးမှုဟာ ဆယ်စုနှစ်တွေအတွင်း ဒါ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် တိုးတက်ဖြစ်ထွန်းလာတဲ့ အထင်ကရ အခြေအနေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလမှာ ဆက်လုပ်ဖို့ သဘောတူထားပြီး၊ နှစ်ဘက် အပြန်အလှန် တင်ပြထားချက်တွေကို အကျေအလည် ဆွေးနွေးသွားကြဖို့ ရှိပါတယ်။
XS
SM
MD
LG