သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်မှာ ကလေးအခွင့်အရေး ချိုးဖောက်ခံရမှု ကုလအကြီးအကဲ လုံခြုံရေးကောင်စီ တင်ပြမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ နှစ်ဘက်စလုံးဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပြီး လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးနေကြတယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေ့သီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။

ကမ္ဘာတဝန်း ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေပြီး ခြိမ်းချောက်မှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတွေနဲ့ လက်နက်ကိုင်အုပ်စုတွေအကြောင်း အတွင်းရေးမှူးချုပ်က နှစ်စဉ်ကောက်ယူထားတဲ့ စစ်တမ်းထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ အပါအဝင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။

အတွင်းရေးမှူးချုပ်က သူကောက်ယူထားတဲ့ စာရင်းကို လုံခြုံရေးကောင်စီကို တင်သွင်းတာဖြစ်ပေမယ့် ဒီအပေါ် အရေးယူခြင်း၊ မယူခြင်းကိစ္စကိုတော့ လုံခြုံရေးကောင်စီကဘဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ် အစ္စရေးနိုင်ငံကို ဂါဇာစစ်ပွဲကိစ္စနဲ့ ပတ်သက်လို အရေးယူမယ့် ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ ဝန်လေးနေပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို သတ်ဖြတ်တာအပါအဝင် စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကျဲ တိုက်ခိုက်ခဲ့မှုတွေအတွက် ရုရှားစစ်တပ်ကို အမည်မဲစာရင်းသွင်းဖို့ မနှစ်က ကြိုးစားခဲ့တာမှာလည်း နောက်ထပ် ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ ရုရှားကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ခဲ့ပါဘူး။

အခုနှစ် အတွင်းရေးမှူးချုပ် တင်သွင်းမယ့် စစ်တမ်းထဲမှာ အစ္စရေးနိုင်ငံ ပါဝင်လာတာကြောင့် ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေကို မီးထောင်းထိုးပြရာ ရောက်စေမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG