သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အမျိုးသမီးများနေ့ တန်းတူအခွင့်အရေး ၂၀၃၀ အမှီရဖို့ကြိုးပမ်း


ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ လှုပ်ရှားမှု ( 2030 – Step it up for gender equality) ဓါတ်ပုံ- ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ လှုပ်ရှားမှု ( 2030 – Step it up for gender equality) ဓါတ်ပုံ- ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့

ဒီကနေ့ မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး ကျားမတန်းတူအခွင့်အရေး အပြည့်အဝရရှိရေး ကုလသမဂ္ဂရဲ့ရည်မှန်းချက်ကို နိုင်ငံတကာအစိုးရတွေ အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့အုပ်ချုပ်ရေးနယ်ပယ်နဲ့ လုပ်ငန်းခွင်မှာ မြန်မာအမျိုးသမီး အရေအတွက်တိုးပြီး တန်းတူပါဝင်ခွင့်ရရှိရေးလိုအပ်နေကြောင်း မြန်မာအမျိုးသ မီးအခွင့်အရေး ဦးဆောင်လှုပ်ရှားနေသူတွေက လည်း ပြောဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

အမျိုးသမီးတွေတန်းတူအခွင့်အရေးအတွက် ရှေ့တိုးလုပ်ဆောင်ကြစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံပေါင်း (၄၀)ကျော်မှာ အမျိုးသမီးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေ ပါဝင်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲတွေကို ကျင်းပနေကြတာပါ။

ဒါအပြင် A Planet 50-50 ဆိုတဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးနဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး ကျားနဲ့မအချိုးကျ ၅၀-၅၀ ဖြစ်ဖို့ကုလသမဂ္ဂရဲ့ရည်မှန်းချက်ကို နိုင်ငံတကာအစိုးရတွေလိုက်နာဆောင်ရွက်ဖို့ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ကြီးရဲ့ အမှုဆောင်ညွန်ကြားရေးမှုး Phumzile Mlambo-Ngcuka ကလည်း အခုလိုတိုက်တွန်းပြောကြားသွားပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ခေါင်းဆောင်တွေဆုံးဖြတ်ခဲ့ကြတဲ့အချက်က ၂၀၃၀ခုနှစ်အမှီအမျိုးသမီးတွေအနေနဲ့ စီးပွားရေးနဲ့အခြားအခွင့်အရေးတွေမှာ အမျိုးသားတွေနဲ့ တန်းတူဖြစ်ကြရမယ်ဆိုတဲ့အချက်ပါ။ ဒီရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ (၁၅)နှစ်ပဲကျန်ပါတော့ မယ်။ မျှော်မှန်းထားတဲ့အတိုင်းဖြစ်နိုင်ဖို့က အမျိုးသားတို့ရဲ့ အကူအညီကိုအထူးပဲ လိုအပ်ပါတယ်။ ကျမတို့အနေနဲ့ HE for SHE ဆိုတဲ့လှုပ်ရှားမှုကိုကြိုးပမ်းခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ခေါင်းဆောင်မှုအပိုင်းကိုထမ်းဆောင်နိုင်ဖို့ အရည်အချင်းပြည့်မှီကြတယ်ဆိုတာကို အမျိုးသားတွေက အသိအမှတ်ပြုလေးစားကြဖို့ဖြစ်ပါတယ်။”

အခုလို ကုသမဂ္ဂရဲ့ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ အမျိုးသမီးတွေ အချိုးအဆတန်းတူ ပါဝင်နိုင်ရေး ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကျားမတန်းတူရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ ညွန်ကြားရေးမှုး နော်မာမာချိုကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“၂၀၃၀ ပြည့်ထိ ကျားနဲ့မ ၅၀၊ ၅၀ ဖြစ်နေရမယ်၊ အထူးသဖြင့်ဆုံးဖြတ်ချက် ချမယ့်နေရာ၊ ဦးဆောင်နိုင်တဲ့နေရာရဖို့အတွက်လည်း ကျမတို့ကတောင်းဆို သွားမှာဖြစ်ပါတယ်။”

ဒါအပြင် အုပ်ချုပ်ရေးနယ်ပယ်မှာ မြန်မာအမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲ စိန်ခေါ်မှုကတော့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေပဲဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး မခင်မမမျိုးကပြောပါတယ်။

“ကျမတို့ အမျိုးသမီးများနိုင်ငံရေးထဲပါဝင်မှု ကို တောင်းဆိုတဲ့နေရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးများနဲ့တန်းတူလက်တွဲပြီးတော့ အခါကြတော့ ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ ကိုယ်စားပြုနိုင်တဲ့ အခြေအနေဖြစ်ပေါ်လာဖို့အတွက်ကို ကျမတို့အားလုံးဝိုင်းဝန်း ကြိုးစားကြရအောင် ပါလို့ တောင်းဆိုချင်ပါတယ်။”

ပဋိပက္ခတွေတိုးပြီးဖြစ်လာတဲ့ ကမ္ဘာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကိုလက်နက်သဖွယ်အဖြစ် အသုံးပြုလာနေတဲ့အတွက် ဒီအကြမ်းဖက်မှုကို အထိရောက်ဆုံးအကာအကွယ်ပေးဖို့ နိုင်ငံခေါင်းဆောင်တွေမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ကြီးရဲ့ အစီအစဉ်ဌာနဆိုင်ရာ ညွန်ကြားရေးမှူး Maria Noel Vaeza ကပြောပါတယ်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လုံးဝသည်းမခံသင့်ပါဘူး။ နိုင်ငံအတော်များများမှာ ဥပဒေတွေပြဌာန်းထားရာမှာ လေးစားလိုက်နာခြင်းမရှိကြတဲ့အတွက် ကျူးလွန်သူတွေက အပြစ်ပေးခြင်းမခံကြရပါဘူး။ အပြစ်က ကင်းလွတ်ခွင့်ရနေကြပါတယ်။ ဒါဟာ ဥပဒေကိုစောင့်ထိန်းရမယ့်လူတွေက ဥပဒေအရထိထိရောက်ရောက် အရေးမယူ ကြလို့ပါပဲ။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း နိုင်ငံသားတွေကို အကာအကွယ်ပေးရမယ့်တာဝန် ပျက်ကွက်ကြလို့ပါပဲ။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအကြမ်းဖက်မခံရလေအောင် အကာအကွယ်ပေးရာမှာ အဓိက နိုင်ငံခေါင်းဆောင်တွေမှာ တာဝန်ရှိ တာဖြစ်ပါတယ်။ သာမန်အမျိုးသမီးတွေအနေနဲ့ ဒီလိုလုပ်ပေးနိုင်ဖို့ အာဏာမရှိကြပါဘူး။ အာဏာအရှိပုဂ္ဂိုလ်တွေ က နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ အတွက် သူတို့ကပဲအကာ အကွယ်ပေးဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။”

နိုင်ငံတကာအမျိုးသမီးများနေ့နဲ့တိုက်ဆိုင်ပြီး မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ နိုင်ငံတကာမှာထင်ရှားတဲ့ အမျိုးသမီးအနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေစတဲ့ စုစုပေါင်း (၁၁၀)ယောက်ကနေ လက်မှတ်ရေးထိုးတောင်းဆိုတဲ့စာကို Burma Campaign UK အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။

လက်မှတ်ရေးထိုးထားသူတဦးအဖြစ်ပါဝင်နေတဲ့ မြန်မာနိုင်ငံက ကျားမရေးရာတန်းတူရေးကွန်ယက်ရဲ့ ညွန်ကြားရေးမှုး မမေစပယ်ဖြူကလည်း အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ဥပဒေအရသတ်မှတ်ပြဌာန်းကာကွယ်ပေးဖို့ လိုအပ်နေကြောင်း အခုလို ဗွီအိုအေကိုပြောပါတယ်။

“အမျိုးသမီးတွေကို အကြမ်းဖက်မှုပေါင်းစုံကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ ဥပဒေတရပ်ကို အရင်ဆုံးပြဌာန်းပေးစေချင်ပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေကိုကျူးလွန်နေတဲ့ ဘယ်သူတွေမဆို၊ ဘယ်နေရာမှမဆို ကျူးလွန်တဲ့ပြစ်မှုတွေအားလုံးကို ထိထိရောက်ရောက်အရေးယူအပြစ်ပေးတဲ့ ဥပဒေမျိုးဖြစ်စေချင်ပါတယ်။”

မြန်မာနိုင်ငံံတဝှမ်းမှာလည်း နိုင်ငံတကာအမျိုးသမီးများနေ့ ဂုဏ်ပြုအစီအစဉ်တွေနဲ့အတူ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး လှုံဆော်တဲ့ စည်းရုံးလှုပ်ရှားမှုတွေကို လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG