သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်


သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်
သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်း စဉ်းစားထားတာ မရှိတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ သမ္မတ ဦးသိန်းစိန် ပထမဆုံး နိုင်ငံတော်ကို ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ လွဲနေတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) က ဝေဖန် ထောက်ပြလိုက်ပါတယ်။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားရပ်နဲ့ ညီအောင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ပြန်စဉ်းစားစေလိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို ပေးပို့ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၆ ရက်နေ့က သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာဟာ စကားရပ်နဲ့ လွဲနေပြီး ပြစ်ဒဏ်လျှော့ပေးမှုသာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဝေဖန် ထောက်ပြနေကြတာပါ။ မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့အညီ နိုင်ငံတော်ကို ထူထောင်မယ်လို့ မတ်လ ၃၀ ရက်နေ့က သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ ကတိစကားတွေနဲ့ အခု လုပ်ဆောင်ချက်တွေဟာ လွဲချော်နေတယ်လို့ UNA ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့က ထောက်ပြပါတယ်။

နိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်လာဖို့က အဓိကကျတဲ့ အချက်ထဲမှာ ပါတယ်လို့ UNA အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“နိုင်ငံတော် သမ္မတ ပထမမိန့်ခွန်းထဲမှာ Good Governance တို့၊ Clean Government တို့ပြောတာ အဲဒီဥစ္စာတွေနဲ့ ကွာဟမှု ဖြစ်နေတယ်။ ကျနော်တို့ မျှော်လင့်တဲ့အတိုင်း မဟုတ်ဘူး။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား လိုအပ်တဲ့အတိုင်း ဖြစ်မလာတော့ အဲဒါ ပြန်လည် စဉ်းစားပေးပါ။ ပြည်သူလူထု တောင်းဆိုတဲ့အတိုင်း ဒီဥစ္စာကို တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပီပီသသဖြစ်အောင် ပြန်ပြီးတော့ စဉ်းစားပြီးတော့ လုပ်သင့်တဲ့အကြောင်း၊ တကယ်လို့များ လက်မခံဘူးဆိုရင် ကျနော်တို့ တည်ဆောက်လိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တော်တော်လေး အလှမ်းဝေးတဲ့သဘော ဖြစ်သွားမှာပေါ့လေ။ အဲဒါကို ကျနော်တို့ Statement ထုတ်ပါတယ်။”

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို သုံးသပ်ရင်း အားလုံး တောင်းဆိုနေတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ပြန်လည်စဉ်းစားဖို့ ဒီ UNA အဖွဲ့က သမ္မတ ဦးသိန်းစိန်ဆီကို ပြီးခဲ့တဲ့ မေလ ၂၀ ရက် သောကြာနေ့က စာပို့ထားပါတယ်။ UNA အဖွဲ့ဟာ ရှမ်း၊ ကချင်၊ မွန်၊ ဇိုမီးနဲ့အတူ ကရင်တိုင်းရင်းသား အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မြန်မာ နှစ်ဆန်းတရက်နေ့က စလို့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ လူထုအခြေပြု လူမှုကွန်ရက်တွေကနေ အစပြုခဲ့တဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ NLD လို ပါတီကြီးတွေအပြင် လူမှုရေးအဖွဲ့တွေ၊ တခါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေကပါ ပူးပေါင်းပါဝင်ပြီး သမ္မတဆီကို တောင်းဆို ဆန္ဒပြုတဲ့ လက်မှတ်တွေ ပေးပို့နေတာပါ။

မကြာသေးခင်က မြန်မာနိုင်ငံကို လာသွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကရော၊ တခါ အမေရိကန် နိုင်ငံခြားရေးဌာနက ဒု-လက်ထောက် ဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) တို့ကပါ အစိုးရကို တိုက်တွန်းချက်တွေထဲ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ကိစ္စ အဓိက ပါပါတယ်။

အထူးသဖြင့်တော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတဲ့ မြန်မာအစိုးရ အနေနဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ရှိကြောင်း သက်သေပြနိုင်ဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးတာဟာ အခြေခံကျတဲ့ အချက်ထဲမှာ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူထဲက တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတရပ် ဖြစ်ဖို့ဆိုရင် ဟန်ပြ ဆောင်ရွက်နေလို့ မရပါဘူး။ အဲဒီ ဟန်ပြ ဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာရပ်တွေကို မပြေလည်နိုင်ပါဘူး။ အဲဒီ ပြည်တွင်းရေး ပြဿနာတွေ မပြေလည်မချင်း မြန်မာနိုင်ငံ အတွင်းမှာ တည်ငြိမ်မှုတွေ မရနိုင်သလို ဒေသတွင်း လုံခြုံမှုကလည်း မဖြစ်နိုင်ပါဘူး။

“ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ရုပ်ပြ ဆောင်ရွက်နေမှုတွေကို နိုင်ငံတကာက ဆက်ပြီး တကယ် စစ်မှန်တဲ့ ဖြစ်ပေါ်မှုတွေ ဖြစ်ဖို့အတွက် တောင်းဆိုသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ရှေ့ဆက်သွားမယ့် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်မှာ အခု မြန်မာအစိုးရက အပေါင်းလက္ခဏာဆောင်တဲ့ သဘော မဟုတ်ဘူးလို့ ကျနော်တို့ကတော့ သုံးသပ်မိပါတယ်။ ဒါကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်မှုမျိုးတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ဆက်လက် ဖိအားပေး ဆောင်ရွက်သွားမှာပါ။”

ဒီလှုပ်ရှားမှုကို နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့အထိ ဆက်လက် အရှိန်မြှင့် လှုပ်ရှားသွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ မြန်မာအစိုးရက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ လက်ခံမှုရအောင် ကြိုးစားချင်တဲ့အထဲ အခုလို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးတယ်ဆိုတဲ့ ခြေလှမ်းတွေနဲ့ စတင်သင့်တယ်လို့လည်း ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG