သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဘောလုံးပွဲ ဒေါ်စု တက်ရောက် ကြည့်ရှု


ရန်ကုန် သုဝဏ္ဏအားကစားကွင်းတွင် မြန်မာ - လာအို ဘောလုံးပွဲကို ကြည့်ရှုနေကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီးတို့ကို တွေ့ရစဉ်။ Sept. 14, 2011. (AP)

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်တဲ့ ၁၉ နှစ်အောက် အာဆီယံ ချန်ပီယံ ဘောလုံးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်နဲ့ ဘောလုံးပွဲကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာတော့ မြန်မာနဲ့ လာအို အသင်းတို့ ကစားခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲတွေကို လာအားပေးဖို့ ဖိတ်ကြားထားတဲ့အတွက် ဒီကနေ့ ကစားတဲ့ မြန်မာနဲ့ လာအိုပွဲကို ဒေါ်အောင်ဆန်းစုကြည် သွားအားပေးခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဘောလုံးပွဲကို လိုက်ပါသွားတဲ့ NLD ပါတီက ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျနော်တို့ နေပြည်တော်မှာတုန်းက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ တွေ့ပါတယ်။ အဲဒီ ကတည်းက ဦးဇော်ဇော်က အဲဒီပွဲကလေးရှိပါတယ်ပေါ့။ အမကို လာအားပေးဖို့ ဖိတ်ပါတယ်။ ဖိတ်တော့ အမကလည်း အဲဒီကတည်းက အားကစားဆိုတာလည်း နိုင်ငံရေး၊ သူ့အနေနဲ့ သက်ဆိုင်တာပေါ့၊ အဲဒီတော့ တတ်နိုင်သလောက် ကြိုးစားပါ့မယ်လို့ ပြောထားပါတယ်။ ဒီနေ့ကတော့ အချိန်လေးလည်း ပေးနိုင်တာနဲ့ လာအိုနဲ့ မြန်မာပွဲကို လာကြည့်တာပါ။"

NLD ပါတီက ဦးခွန်သာမြင့်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲကို လာကြည့်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ကြိုတင် အသိပေးအကြောင်းရတာမျိုး မရှိသလို လုံခြုံရေးကိုလည်း သီးသန့် တိုးလုပ်ဆောင်တာမျိုးတွေ မရှိပါဘူးလို့ ဘော်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ မြန်မာနိုင်ငံ အားကစားကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အဘက်ဘက်ရဲ့ အားပေးကူညီမှု လိုတယ်လို့လည်း ဦးဇော်ဇော်က ဆိုပါတယ်။

"မရှိပါဘူးခင်ဗျ၊ ကျနော်တို့က ဘော်လုံးပွဲ ကြည့်ဖို့အတွက် အာဆီယံပွဲက အိမ်ရှင်လည်း ဖြစ်နေတော့ ဖိတ်တာပါ။ မရှိပါဘူး၊ ဒီအတိုင်းပဲ အမ လာကြည့်မယ်လို့ ပြောတဲ့အခါ ဒီအတိုင်းပဲ လာကြည့်လို့ ရပါတယ်။ လုံခြုံရေးက ဟိုး အစောကြီးကတည်းက အရမ်းအားကိုးရပါတယ်။ တော်တော်ကြီးကို ဂရုစိုက်ပြီး အစောကြီးကတည်းက အများကြီး လုပ်ပေးထားပါတယ်။

ပရိတ်သတ်တွေကလည်း အများကြီးယဉ်ကျေးလာပါတယ်။ ဒါ့ကြောင့်မို့ ကျနော်တို့ ဒီပွဲမှာ တိုးတက် တာတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ကျနော်တို့ ထူးထူးခြားခြား ဘာမှ ပိုမလုပ်ပါဘူး။ ကျနော့်အနေနဲ့ကတော့ အားကစားကို စိတ်ဝင်စားတဲ့သူအားလုံးကို ကြိုဆိုပါတယ်။ ဒါမှလည်း ကျနော်တို့ရဲ့ အားကစားကို လူတွေစိတ်ဝင်စားလေ ပိုတိုးတက်လေပေါ့ဗျာ။ ဒီနေ့ပွဲမှာဆို လာကြည့်တဲ့သူတွေ အားလုံးပေါ့။ အန်တီစုတို့ရော အကုန်လုံးကတော့ နောက်ဆုံးမိနစ်ထိ ရင်တခုန်ခုန်နဲ့ ပွဲကိုကြည့်ပြီးတော့ပဲ။ နိုင်တော့မှပဲ သက်ပြင်းချရတယ်။"

ဒါပေမယ့် အင်တာနက် ၀က်ဆိုက် စာမျက်နှာမှာ ဖော်ပြလာကြတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဘေးမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ လုံခြုံရေးဝန်ကြီး ထိုင်နေတာကို တွေ့ရပါတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ဘောလုံးပွဲ လာကြည့်တယ်ဆိုတာကို ပရိတ်သတ်တွေကလည်း သိကြသလို အရင် ကျင်းပခဲ့တဲ့ ပွဲတွေထက် လုံခြုံရေး ပိုစစ်တယ်လို့ ဘောလုံးပွဲသွားကြည့်တဲ့ ပရိသတ်တဦးက ပြောပါတယ်။

"သတိထားမိတယ်နဲ့ တူတယ်၊ အပေါ်မှန်လုံခန်းထဲကိုပဲ မော့ကြည့်မော့ကြည့်နဲ့ တွေ့တယ်ဗျ။ ကျနော်တို့ အပါအ၀င်ပေါ့။ ကျနော်လည်း အဲဒီလိုပဲကြားတော့လေ၊ တွေ့ရတယ်။ အခု ကျနော်တို့ ကွင်းထဲဝင်တာ လုံခြုံရေးက တော်တော် ထူထူထပ်ထပ် တွေ့ရတယ်။ အရင် ကျနော် မြန်မာ-နေရှင်နယ် လိခ်ပွဲတွေလည်း လာကြည့်ဖူးတယ်လေ။ အဲဒီလောက်မတွေ့ရဘူး။ ဒီပွဲမှာတော့ နိုင်ငံတကာ ပွဲတပွဲဆိုတာထက်ကို ပိုပြီးတော့ လုံခြုံရေးတွေ တွေ့ရတယ်။ ပရိတ်သတ်တွေကတော့ မြန်မာအသင်းကိုအားပေးနေတာပဲ ခင်ဗျ။"

သုဝဏ္ဏအားကစားကွင်းမှာ ကစားခဲ့တဲ့ ၁၉ နှစ်အောက် အာဆီယံ ချန်ပီယံဖလားမှာတော့ ဒီကနေ့ မြန်မာနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်ကြရာ ပွဲအစပိုင်း ၁၀ မိနစ်လောက်မှာ မြန်မာက ပထမဂိုးစသွင်းပြီး နောက်ပိုင်းမှာတော့ မြန်မာဘက်က ၂ ယောက်အထုတ်ခံရပေမဲ့ လာအိုအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ မြန်မာအသင်းက နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာနဲ့ အိုမန်အသင်း တို့ ကစားနေတုန်း ပရိသတ်က ကွင်းထဲကို ပစ္စည်းတွေ လှမ်းပစ်တဲ့အတွက် ပွဲဖျက်လိုက်ရတာမျိုး ရှိခဲ့ပါတယ်။

XS
SM
MD
LG