သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ် တောင်ကိုရီးယားသင်္ဘောတွင်း ရေငုပ်ကယ်ဆယ်ရေး ကြိုးပမ်း


Sewol တောင်ကိုရီးယားသင်္ဘောနစ်မြုပ်နေတဲ့ထဲက ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၁၄)
Sewol တောင်ကိုရီးယားသင်္ဘောနစ်မြုပ်နေတဲ့ထဲက ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၁၄)
တောင်ကိုရီးယားအနောက်တောင်ဖက် ကမ်းလွန်မှာ နစ်မြုပ်သွားတဲ့သင်္ဘောထဲကို ဝင်နိုင်ဖို့ ရေငုပ်သမား ကယ်ဆယ်ရေးတွေ ဆက်လက် ကြိုးစားနေကြပါတယ်။

အစောပိုင်းတုန်းက သင်္ဘောပြူတင်းပေါက်ကနေတဆင့် အလောင်း ၃ လောင်းကို ရေငုပ်သမားတွေက တွေ့ရှိခဲ့ကြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရေငုပ်သမား ၅၀၀ ကျော်နဲ့ လုပ်နေကြပါတယ်။ လောလောဆယ် အတည်ပြုနိုင်သလောက် သေဆုံးသူ ၃၂ ယောက် ရှိသွားပါပြီ။

အထက်တန်း ကျောင်းသူ အများအပြားပါတဲ့ ပျောက်နေဆဲ ၂၇၀ ကတော့ သေသလား ရှင်သလား မသိရပေမဲ့ အသက်ရှင်ရက် ရှိနေနိုင်တဲ့ အခြေအနေကတော့ နည်းလာနေပါပြီ။ လှိုင်းကြီးနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်တွေ့နေပေမယ့် ပျောက်ဆုံးနေဆဲ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ သူတို့ရဲ့ သားသမီးတွေကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဖြစ်တဲ့နေ့ကတည်းက ကလေးတွေကို ကယ်ဆယ်နိုင်သင့်ပါတယ်။ အချိန်ကလင့်လာပါပြီ၊ မိဘတွေ ရင်ပူရလွန်းလို့ သေရပါတော့မယ်၊ ဒီလောက်အေးတဲ့ ရေထဲမှာ ကလေးတွေ အအေးလွန်ပြီး ကြောက်နေကြပါရော့မယ်လို့ ကျောင်းသား မိသားစုဝင်တယောက်က ပြောသွားတာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းကတော့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို သင်္ဘောတိမ်းစောင်းမှောက်ပြီး မကြာခင်မှာပဲ သင်္ဘောကို စွန့်ခွာခဲ့မှုနဲ့ ရဲက ဖမ်းဆီးလိုက်ပါတယ်။ သင်္ဘောဘေးကို တိမ်းမှောက်သွားပြီး ဘေးလွတ်ရာ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေ ပိတ်နေချိန်မှာတောင် ခရီးသည်တွေ နေရာကနေ မရွေ့ဖို့ Captain ကပဲ ညွှန်ကြားခဲ့ပုံရတယ်လို့ သံသယရှိပါတယ်။

Sewol သင်္ဘောနစ်သွားစဉ်မှာ ခရီးသည် ၄၇၆ ယောက် သင်္ဘောထဲမှာ ပါသွားတာပါ၊ Jeju ကျွန်းဆီ ကျောင်းသားရာနဲ့ချီကို လေ့လာရေးခရီး ထွက်ဖို့ ဦးဆောင်ခေါ်လာတဲ့ အထက်တန်းကျောင်းရဲ့ ဒု-ကျောင်းအုပ်ဆရာကို သဘောၤနစ်ရာက ကယ်တင်နိုင်ခဲ့ပေမယ့် သောကြာနေ့ကပဲ သူ့ကိုယ်သူ အဆုံး စီရင်သွားပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လူတွေစုဝေးပွဲ သူ့အတွက် အောက်မေ့ဖွယ် ဆုတောင်းခဲ့ကြပါတယ်။
XS
SM
MD
LG