သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဖွံ့ဖြိုးရေး ကုလ ဆက်ကူမည်


ကိုးကန့်စစ်ပြေးဒုက္ခသည်များ
ကိုးကန့်စစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေအများအပြား ရှိနေပြီးတော့ မကြာသေးခင်နှစ်တွေ အတွင်း တိုးတက်မှုတွေရော၊ ဆုတ်ယုတ်မှုတွေပါ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း စဉ်တွေကြားမှာရောက်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP အကြီး အကဲ ဟယ်လင်န် ကလာ့ခ် (Helen Clark) က ပြောလိုက်တာပါ။

မြန်မာနိုင်ငံသားအားလုံးရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက် တွေ ပြည့်မီရေးအတွက် ကူညီဖို့ ကုလသမဂ္ဂက သန္နိဋ္ဌာန်ချထားဆဲပါလို့လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စကလာ့ခ်က ပြောပါ တယ်။ အုပ်ချုပ်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းတွေ၊ မြန်မာနိုင်ငံက လူတွေအားလုံးအတွက် ပိုပြီးမြင့်မားတဲ့ လူသားဖွံ့ဖြိုး တိုးတက်မှု အဆင့်ရရှိရေး အထောက်အကူဖြစ်စေဖို့ရာ အခွင့်အရေးပေါ် အခြေခံတဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ဆောင်သွားရေးတွေ အပေါ် UNDP အနေနဲ့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်လို့လည်း မစ္စကလာ့ခ်က ပြောပါတယ်။

UNDP အကြီးအကဲ ဟယ်လင်န် ကလာ့ခ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အာသာရင်န် ကူဆင်န် (Ertharin Cousin) တို့ရဲ့ ဒီသီတင်းပတ် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီလည်း သွားရောက် ပါတယ်။ ရခိုင်ပြည်နယ်မှာ UNDP အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေကိုပေးနေသလို အသက်မွေးဝမ်းကျောင်းမှု တိုးတက်စေဖို့နဲ့ လူမှုသဟဇာတဖြစ်မှု အားကောင်းစေဖို့အတွက် ကျေးရွာပေါင်း ၆၃ ရွာက လူထုကို အကူအညီပေးနေပါတယ်။

ဒါ့အပြင် ဒေသဆိုင်ရာအစိုးရတွေရဲ့ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးစွမ်းရည် တိုးတက်လာစေဖို့၊ လူထုဗဟိုပြု ဝန်ဆောင်မှု လုပ်ငန်းတိုးတက်လာစေဖို့တို့အတွက်လည်း ရင်းနှီးမြှုပ်နှံ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG