သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကို သုံးသပ်တဲ့ UNDP အစီရင်ခံစာ


UNDP အစီရင်ခံစာရှင်းလင်းပွဲ

မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွင်းက လုပ်ငန်းဆောင်ရွက်ချက်တွေ ကို လေ့လာစမ်းစစ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီကနေ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်လိုက်ပါတယ်။ သက်တမ်းနုနယ်ဆဲဖြစ်တဲ့ မြန်မာ့လွှတ်တော် အသီးသီးက လုပ်ငန်းဆောင်တာတွေ တိုးတက်ကောင်းမွန်လာဖို့ ဒီအစီရင်ခံစာထဲမှာ ဘာတွေကို ထောက်ပြ အကြံပြုထားပါလဲ။ အစီရင်ခံစာနဲ့ပတ်သက်တဲ့ တုံ့ပြန်ချက်တွေကရော ဘယ်လိုရှိပါလဲ။ ဒီကနေ့ အစီရင်ခံစာ မိတ်ဆက်အခမ်းအနားကို ကိုယ်တိုင် သွားရောက် သတင်းယူထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးမှာ လုပ်ငန်းတွေကို ဘယ်လို ဖော်ဆောင်နေသလဲ။ လွှတ်တော်နဲ့ အစိုးရကြားမှာ ဘယ်လို အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နေကြသလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက ဘာလဲ… စသဖြင့် လွှတ်တော်တွင်းလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တချို့က အခြေအနေတွေကို စမ်းစစ်လေ့လာပြီး အခုအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Peter Batchelor က ခုလို ပြောသွားပါတယ်။

“ပြည်နယ်နဲ့တိုင်းလွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်တွေ တိုးတက်ကောင်းမွန် လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာ သေသေချာချာ လေ့လာစမ်းစစ်ထားတဲ့ အစီရင်ခံစာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လဲ ဒီအစီရင်ခံစာကို လုပ်ဖြစ်တာပါ။ ဒီမိုကရေစီနည်းကျ အနာဂတ် မြန်မာနိုင်ငံမှာ လွှတ်တော်တွေရဲ့ ဆောက်ရွက်ချက်တွေ ပိုမို ကောင်းမွန် တိုးတက်လာအောင် ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာကို အကြံပြုနိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အနာဂတ် အုပ်ချုပ်ရေးစနစ် ပိုမို ကောင်းမွန်လာဖို့မှာ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ လွှတ်တော်တွေ ဖွံ့ဖြိုးတိုးတက်လာတာက နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ အောင်မြင်မှု ဖြစ်တာကြောင့် လက်ရှိ မြန်မာ့ လွှတ်တော်တွေရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်ကောင်းမွန် လာစေဖို့မှာ အခုအစီရင်ခံစာက အထောက်အကူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ အစီရင်ခံစာ အတွက် အဓိက ဦးဆောင် သုတေသနလုပ်ခဲ့သူ၊ ကနေဒါလွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ ၀န်ကြီးဟောင်း တဦးလည်းဖြစ်တဲ့ Carl Defaria က ပြောပါတယ်။

“ဒီအစီရင်ခံစာရဲ့ အရေးပါမှုကတော့ လွှတ်တော်အသီးသီးက လက်ရှိဆောင်ရွက် ချက်တွေ၊ ကောင်းမွန်တဲ့ အလေ့အထတွေကို လေ့လာစမ်းစစ်တာဖြစ်လို့ ကျနော်တို့ရဲ့ အခုလေ့လာမှုထဲမှာ မပါတဲ့ လွှတ်တော်တွေ အနေနဲ့လည်း ဒီအစီရင်ခံစာကို ဖတ်ပြီး… သူတို့ လွှတ်တော်တွင်းမှာ အလားတူ ဘယ်လို ကျင့်သုံးမှုတွေရှိတယ်။ ဒီအလေ့အထ ကတော့ ပိုကောင်းတယ်။ ဥပမာ - ရှမ်းပြည်လွှတ်တော်ကတော့ ဒီလိုပုံစံ ရှိတယ်။ တနင်္သာရီလွှတ်တော်မှာ ဘယ်လိုရှိတယ်။ ဒီဟာကိုတော့ သဘောကျတယ် စသဖြင့် လေ့လာပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို မျှဝေနိုင်ပါတယ်။”

UNDP ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တချို့ကတော့ အားရကျေနပ်မှုမရှိကြောင်း ပြောပါတယ်။ ဒီအစီရင်ခံစာဟာ လွှတ်တော်အသီးသီးက အခြေအနေတွေကို အပြည့်အ၀ ထင်ဟပ်မှုမရှိသလို၊ ပြင်ဆင်ဖို့လိုအပ်တဲ့ အချက်တွေကို ထည့်သွင်း ထောက်ပြတာမျိုး မတွေ့ရဘူးလို့ ရှမ်းပြည်နယ် (တာချီလိတ် မဲဆန္ဒနယ်အမှတ်-၂) ပြည်နည်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

“ကျနော်တို့ ပြောချင်တဲ့ တကယ့် main point တွေက ကျန်ခဲ့နေတယ်ပေါ့နော် ၊ အဲလိုကျန်ခဲ့တဲ့အပေါ်မှာ သူတို့ ဘယ်လိုမျိုးပြန်ပြီးတော့ ဖြည့်စွက်မလဲဆိုတာ ကျနော်တို့ နည်းနည်းစောင့်ကြည့်ရမှာပေါ့။”

ဒီကနေ့ထုတ်ပြန်တဲ့ UNDP အစီရင်ခံစာထဲမှာ အကြံပြုချက်ပေါင်း ၃၇ ချက် ပါဝင်ပါတယ်။ ယေဘုယျဆန်တဲ့ အကြံပြုချက်တွေ ဖြစ်ပေမယ့်လို့၊ လွှတ်တော်ရဲ့ အရည်အသွေး တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်တဲ့ အကြံပြုချက်တွေလည်း ပါဝင်တဲ့အကြောင်း ညီမျှခြင်း မြန်မာ လူ့အခွင့်အရေးအဖွဲ့ကို ထူထောင်သူ၊ လက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“နိုင်ငံရေးအရ sensitive ဖြစ်တဲ့ အကြံပြုချက်တွေကတော့ မပါဘူး။ အဓိက လွှတ်တော်အခန်းကဏ္ဍဖြစ်တဲ့ ဥပဒေပြုရေး ၊ နောက်တခါ အစိုးရကို ပြန်လည်ပြီးတော့ ထိန်းညှိရေး၊ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးတိုးတက်ရေးတွေအတွက် အကြံပြုတာဖြစ်တဲ့အတွက် ယေဘုယျဆန်တယ်။ ဒါပေမယ့် လက်ရှိဖြစ်နေတာက ကျနော်တို့ တိုင်းပြည်လွှတ်တော်မှာက အဲလို ယေဘုယျလိုအပ်ချက်တောင်မှ ကောင်းကောင်းမွန်မွန်မသွားနိုင်တဲ့ အနေအထားဖြစ်တယ်။ ရာထူးတာဝန်တွေ မရှင်းလင်းတာတွေ ၊ ဥပဒေတွေက တခါတလေ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်တွေကြားထဲမှာ ထပ်နေတာတွေ ကွာဟနေတာတွေ ရှိတဲ့အတွက် အဲဒါလေးတွေကို ထောက်ပြထားတာဖြစ်တယ်။"

စာမျက်နှာ ၆၀ ကျော် ပါဝင်တဲ့ UNDP ရဲ့ အစီရင်ခံစာထဲမှာ အဓိကအားဖြင့် နိုင်ငံတကာ မှာ လက်ခံကျင့်သုံးနေတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ နှိုင်းယှဉ်ပြီး သက်တမ်းနုနယ်သေးတဲ့ မြန်မာ့လွှတ်တော်တွင်း ဘယ်လို အလားတူ စနစ်တွေကို ကျင့်သုံးဆောင်ရွက်နိုင်မလဲ၊ ပိုမိုကောင်းမွန်တဲ့ လွှတ်တော်တွေ ဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို အကြံပြုထားတာပါ။ ဒီအကြံပြုချက်တွေကို လွှတ်တော်တွေ အနေနဲ့ လက်တွေ့ကျကျ လိုက်ပါ ဆောင်ရွက်နိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG