ကုလသမဂ္ဂရဲ့ သိပ္ပံနဲ့ယဉ်ကျေးမှုအေဂျင်စီ UNESCO က ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် မဲပေးထောက်ခံလိုက်တာကို အကြောင်းပြုပြီး အမေရိကန်ပြည်ထောင်စုက UNESCO ကို ထောက်ပံနေမှုကို ဖြတ်တောက်လိုက်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် လက်ခံတဲ့ ဘယ် ကုလသမဂ္ဂအေဂျင်စီကိုမဆို အမေရိကန်ပြည်ထောင်စုက အကူအညီ မပေးရေးဆိုတဲ့ ဥပဒေအရ UNESCO ကို နိုဝင်ဘာလမှာ ပေးချေရမယ့် ဒေါ်လာသန်း ၆၀ ကို ပေးတော့မှာမဟုတ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ UNESCO ကို ရန်ပုံငွေ အများဆုံး ထည့်ဝင်နေသူဟာ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ၂၂ % ကို ထောက်ပံ့နေပါတယ်။
ပဲရစ်အခြေစိုက် UNESCO အဖွဲ့ကိုယ်စားလှယ်တွေက တနင်္လာနေ့က ပါလက်စတိုင်းနိုင်ငံ တင်းပြည့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၅၂ မဲနဲ့ ထောက်ခံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အာရပ်နိုင်ငံများအားလုံး အာဖရိက၊ တောင်အမေရိကနိုင်ငံများ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံများနဲ့အတူ ပြင်သစ်ကလည်း ထောက်ခံခဲ့ပါတယ်။ အစ္စရေးလ်၊ အမေရိကန်၊ ကနေဒါနဲ့ ဂျာမဏီနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့က မဲမပေးကြပါဘူး။
UNESCO အဖွဲ့ဝင် ၁၉၃ ခုအနက်က အတည်ပြုခွင့်ရဖို့ မဲ သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။ နိုင်ငံတကာက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေချိန်မှာ UNESCO ရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်စောနေသေးတယ်လို့ အမေရိကန် အိမ်ဖြူတော်က ပြောကြားပါတယ်။ အစ္စရေးလ် ပါလက်စတိုင်း တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်နေတာကို အာရုံပျက်ပြားစေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီ က ပြောကြားပါတယ်။
ဒီလုပ်ရပ်ဟာ UNESCO အေဂျင်စီကို ထိခိုက်ပျက်ပြားစေတယ်လို့ အမေရိကန်ရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဆူဇန်ရိုက်စ်က ပြောကြားလိုက်ပါတယ်။