သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ရှေးဟောင်းမြို့ကို IS ဖျက်ဆီး


အီရတ်နိုင်ငံ မြောက်ပိုင်းက Assyrian ရှေးဟောင်း မြို့တမြို့ဖြစ်တဲ့ Nimrudမြို့။
အီရတ်နိုင်ငံ မြောက်ပိုင်းက Assyrian ရှေးဟောင်း မြို့တမြို့ဖြစ်တဲ့ Nimrudမြို့။

အီရတ်နိုင်ငံ မြောက်ပိုင်းက Assyrian ရှေးဟောင်း မြို့တမြို့ဖြစ်တဲ့ Nimrud ကို အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က မြေတူးစက်တွေနဲ့ ဖျက်ဆီးနေတာဟာ တမင်သက်သက် ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးတဲ့ လုပ်ရပ်ဖြစ်ပြီး၊ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

အီရတ်နိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မှတ်တမ်းတင် ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်သမားတွေ ငွေကြေးရဖို့ တရားမဝင် မှောင်ခိုရောင်းဝယ်နေ တာတွေကိုလည်း တိုက်ဖျက်သွားဖို့ သန္နိဓာန် ချထားတဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) အကြီးအကဲ Irnia Bokova က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

လူ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဘာသာရေး အရဖြစ်ဖြစ်၊ နိုင်ငံရေးအရဖြစ်ဖြစ် ဖျက်ဆီးတာတွေကို၊ ဒေသတွင်းက နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေ မားမားမတ်မတ်ရပ် ကာကွယ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အီရတ်နိုင်ငံက သမိုင်းဝင် အမွေအနှစ်တွေကို စစ်သွေးကြွတွေ ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်နေတဲ့ အထဲ နောက်ဆုံး လုပ်ရပ်အဖြစ် Nimrud ရှေးဟောင်းမြို့မှာ စစ်သွေးကြွတွေက ဒီကနေ့ပဲ မြေတူးစက်တွေနဲ့ စတင်ဖျက်ဆီးနေတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ ထောင်ကျော်က တည်ထောင်ခဲ့ပြီး၊ Assyrian ခေတ်ရဲ့ ရတနာတပါးအဖြစ် တင်စားပြောဆိုကြတဲ့ Nimrud မြို့ဟာ Tigris မြစ်ဘေးမှာ တည်ရှိပြီး။ မကြာသေးခင်တုန်းကပဲ IS စစ်သွေးကြွတွေ တန်ဘိုး မဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့ Mosul မြို့ရဲ့ အရှေ့တောင်ဖက် ၁၈ မိုင်အကွာလောက်မှာ ရှိပါတယ်။

Mosul မြို့က ပြတိုက်မှာ စစ်သွေးကြွတွေ ဝင်ရောက် မွှေနှောက်ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာတော့ ရုပ်တုတွေကို ဖြိုချဖျက်ဆီးတာ၊ တူတွေနဲ့ ရိုက်နှက်ချိုးဖျက်တာတွေကိုလည်း တွေ့ခဲ့ရတာပါ။ အီရတ် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကတော့ အစားထိုးလို့ မရနိုင်တဲ့ အမွေအနှစ်တွေကို ဖျက်ဆီးနေတဲ့ လူရမ်းကားတွေကို မဟန့်တားနိုင်ရင် လူ့ယဉ်ကျေးမှုကို ပျက်သုဉ်းအောင်လုပ်ဖို့ အားပေးရာရောက်လိမ့်မယ်လို့ သတိပေးခဲ့သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကူအညီပေးဖို့လည်း တောင်းခံထားပါတယ်။

XS
SM
MD
LG